အပိုင်း - ၅၅ ( ဟုန်ကျာလန်၏ အခန်းကဏ္ဍ)

4.4K 913 143
                                    

အပိုင်း - ၅၅ ( ဟုန်ကျာလန်၏ အခန်းကဏ္ဍ)

( ဘာလို့ အစားတစ်နပ်တောင် မကျွေးတာတုန်းလို့ )

သင်္ချိုင်းကြီးအား ဖြတ်သန်းတိုက်ခတ်လာသော လေမှာ အေးစက်စက်နိုင်လှသည်။ ရှန့်ယွင်ကျယ်က နောက်လိုက်နှစ်ယောက်အားခေါ်ကာ တောင်ပေါ်လမ်းအတိုင်း တက်ရောက်သွား၏။ သေချာပါသည်၊ စောနက သူ အသံတစ်ချို့ ကြားလိုက်ရပေ၏။ တစ်ယောက်ယောက်က သူတို့၏ ခန္ဓာကိုယ်အား ကျိုးကျိုးကျွတ်ကျွတ် လှည့်လိုက်သည့်အလား။

လဆုတ်ညကောင်းကင်ပေါ်ရှိ လဝန်းမှာ သွေးရောင်ပမာ နီရဲနေကာ ဘေးပတ်ဝန်းကျင်အား ကြောက်စရာကောင်းနေစေသည်။ ရှန့်ယွင်ကျယ်က ထိုနေရာတွင် ခေတ္တရပ်တန့်လိုက်ကာ သူ့နောက်လိုက်များအား လက်ဖြင့် အချက်ပြလိုက်၏။ ထို့နောက် သူတို့သုံးယောက်သားမှာ သစ်ပင်တစ်ပင်ပေါ်တက်လိုက်ကာ အောက်ကအခြေအနေအား ငြိမ်သက်စွာ စောင့်ကြည့်နေလိုက်သည်။

ဝေဟင်ပြင်ရှိ ကြယ်တာရာများမှာ ကျဲပါးနေလှကာ ပတ်ဝန်းကျင်အား မပီဝိုးတဝါးသာ မြင်နေရ၏။ မည်းနက်နေသော သင်္ချိုင်းထဲဝယ် အနက်ရောင် အရိပ်တစ်ခုက နှေးကွေးစွာ ရွေ့လျားနေသည်။ ၎င်းက တစ်ခုခုကို ရှာဖွေနေသည့်အလား ၊ လှုပ်ရှားမှုများကလည်း တောင့်တောင့်ကြီးဖြစ်နေပေ၏။ ထိုသို့သောမြင်ကွင်းမှာ တကယ်ပင် ခြောက်ခြားဖွယ်ရာကောင်းကာ ကျန်နောက်လိုက်နှစ်ဦး မဆိုထားနှင့်၊ တိုက်ပွဲရာချီ အလီလီဆင်နွှဲဖူးသော ရှန့်ယွင်ကျယ်သည်ပင် အတန်ငယ်စိုးရွံ့မိသည်။

အတန်ကြာသော်၊ ထိုရွေ့လျားမှုမှာ ရပ်တန့်သွားရာ ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွား၏။ ထို့နောက် တော်တော်လေးကြာသည့်အထိ မည်သည့်အသံမှ မကြားရတော့။

"ခံတပ်သခင်?"

နောက်လိုက်တပည့်တစ်ယောက်က သူ့အား အဓိပ္ပာယ်ပါပါ ကြည့်လာသည်။ ရှန့်ယွင်ကျယ်က ခေါင်းခါလိုက်၏။

"ခုနေ အောက်ဆင်းဖို့ဆိုတာ အန္တရာယ်များလွန်းတယ်။ ဒီမှာပဲ ဆက်နေကြမယ် ၊ မိုးလင်းတဲ့အထိ စောင့်ချေ"

နောက်လိုက်တပည့်များကလည်း ခေါင်းညိတ်လိုက်ကြကာ သစ်ပင်ပေါ်မှသည် အောက်ကလှုပ်ရှားမှုများအား သေချာစိုက်ကြည့်နေလိုက်၏။

ဓားပြဗိုလ်အား သိမ်းပိုက်ခြင်းWhere stories live. Discover now