အပိုင်း - ၁၈
( နှစ်သစ်ကူးကျ အိမ်တူတူပြန်ကြပါစို့ )မနက်စာမှာ တို့ဟူးပေါက်စီနှင့် နှံစားပြောင်းဆန်ပြုတ်ဖြစ်သည်။ ထမင်းချက်ဒေါ်ဒေါ်မှာ မုချင်းရှန်းကို အမြဲတစေအချစ်ပိုနေခဲ့ရာ အသားတစ်ဇွန်းစာ အမြဲပိုထည့်ပေးတတ်သည်။ သို့သော် မုချင်းရှန်း ဘာမှသိပ်မစားလိုက်ရသေးခင်မှာပင် ရှန့်ယွင်ကျယ်က ထမင်းစားခန်းထဲ ဝင်ရောက်လာ၏။
"ခံတပ်သခင်ရှန့် ၊ မင်္ဂလာမနက်ခင်းပါ"
မုချင်းရှန်းက နှုတ်ဆက်လိုက်၏။
"မင်္ဂလာမနက်ခင်းပါခင်ဗျာ"
ရှန့်ယွင်ကျယ်က သူနှင့်မျက်နှာချင်းဆိုင်နေရာတွင် ဝင်ထိုင်လိုက်ကာ သူ့ပန်းကန်ထဲ လှမ်းကြည့်လိုက်၏။
"ဟင်းရည်အကြည်လား"
"အင်း၊ မီးဖိုခန်းထဲမှာတော့ ခေါက်ဆွဲအစပ်တွေရှိတယ်။ စီချွမ်းငရုတ်ကောင်းနဲ့ ငရုတ်မှုန့်တွေနဲ့ ရောချက်ထားတာ။ သခင်ကြီးနဲ့ ကျွေ့ယင်တပ်သားတွေ အရမ်းကြိုက်ကြတယ်၊ ခံတပ်သခင်လည်း မြည်းကြည့်ဦးလေ"
"မမြည်းတော့ပါဘူး။ မင်းရော ငါ့ကို ဘယ်တော့ကျမှ အိမ်ခေါ်သွားမှာလဲ"
"မနက်စာစားပြီးသွားရင် သွားလို့ရပါပြီ။ ဒါဆို ရင်တော့ အိမ်ကို အချိန်ကိုက်ပြန်ရောက်ပြီး မရီးကိုပါ ညစာချက်ရာမှာ ဝင်ကူလို့ရတယ်"
"အင်း"
ရှန့်ယွင်ကျယ်က သူ ပေါက်စီစားနေသည်ကို ထိုင်ကြည့်နေကာ ဆက်မေးလာ၏။
"မင်း အဲ့ကျောက်စိမ်းလေးကို သဘောကျရဲ့လား"
"ဘယ်က ကျောက်စိမ်းလေးလဲ"
မုချင်းရှန်းက သူ့မေးခွန်းကြောင့် တွေဝေသွား၏။
ရှန့်ယွင်ကျယ်မှာ တဟွတ်ဟွတ်သီးချင်သွားသည်။
"မနေ့ညက မင်းအိပ်ရာဘေးချန်ထားခဲ့တဲ့ တစ်ခုလေ၊ မင်း မတွေ့လိုက်ဘူးလား"
"ရှိလို့လား?"
"....."
ဒီလိုမှန်းသိ၊ သူ့လက်ကောက်ဝတ်မှာတင် သေချာချည်ပေးခဲ့ပါတယ်။ မဟုတ်ရင် ကုတင်ခေါင်းရင်းပေါ် တွဲလောင်းလေးချိတ်ပေးထားလိုက်ရမှာ။