အပိုင်း - ၁၁ (ဘာကြောင့် ကျောက်ယွဲ့ကို တောင်အောက်ဆင်းလာအောင် လုပ်နေတာလဲ)
[ ဘာလို့လဲဆိုတော့ သူက မင်းရဲ့သာမန် ရွက်ကြမ်းရေကျိုရုပ်လောက်ပဲချောတဲ့ ယောက်ျား မဟုတ်လို့ပါပဲ ]
သို့သော်လည်း သခင်ကြီးဝမ်းကတော့ ချိန်းဆိုသတ်မှတ်ထားသည့်အတိုင်း ကျောက်ယွဲ့လာပါ့မလားဟု တွေးဖို့ အချိန်ပင်မရှိ၊ တစ်ဖက်လူက လာကိုလာလိမ့်မည်ဟု လက်တွေ့ကျကျ မှတ်ယူထားဆဲဖြစ်သည်။ မြေကြီးလက်ခတ်မလွဲ သေချာနေသောကိစ္စမို့ ဤကိစ္စကို သူ စိုးရိမ်ကြောင့်ကြမနေတော့။ ထို့အပြင် နှစ်ဟောင်းတစ်ခုကုန်ခါနီးအချိန်အခါသို့ ရောက်လာသည်မို့ ဆန်းမန်မြို့သားများအတွက် ကောင်းမွန်ပျော်ရွှင်သော နှစ်သစ်ကူးရက်တစ်ရက် ကျင်းပဆင်နွှဲနိုင်ရန် ဝမ်းလျိုနျဲန်က သူ၏အလုပ်ကိစ္စထဲတွင်သာ သူ့ကိုယ်သူ မြှုပ်နှံထား၏။
"သခင်ကြီး"
မုချင်းရှန်းက နှုတ်ဟပြောဆိုလာသည်။
"ဘာကိစ္စရှိလို့လဲ"
"လူချမ်းသာတွေဆီကနေ ဒီလိုမျိုး ကပ်ပြီး စားသောက်နေတာ သိပ်မဟုတ်သေးဘူးထင်တယ်နော်"
"အူကြောင်ကြောင်မလုပ်စမ်းပါနဲ့၊ ကိုယ်ရေးအရာရှိလေး။ ထန်ယွင်ခံတပ်သခင်လို ပူပန်ကြောင့်ကြမှုမရှိတဲ့ လူချောကြီးက လိုအပ်နေတဲ့လူတွေကို ရက်ရက်ရောရော ပေးကမ်းတတ်တဲ့ လူဖြစ်မှန်း မင်းလည်း သေချာပြောနိုင်မှာပါ"
"......"
ဝမ်းလျိုနျဲန်က လက်ထဲက စုတ်တံကိုချလိုက်ကာ စာရွက်ပေါ်ကမင်ရည်ကို ခြောက်အောင် မှုတ်လိုက်၏။ ထိုစာရွက်ပေါ်တွင် စကားလုံးများဖြင့်ပြည့်နှက်နေသည်၊ ၎င်းမှာ ထန်ယွင်ခံတပ်မှ ပြင်ဆင်လာပေးရန် လိုအပ်သော နှစ်သစ်ကူးလက်ဆောင်စာရင်းများဖြစ်၏။ ထိုအထဲတွင် ငရုတ်သီးခြောက်၊ ကျပ်ခိုးတိုက်ထားသော အသားခြောက်များနှင့် အခြားသောစားသောက်ဖွယ်ရာများ ပါဝင်သည်။
မုချင်းရှန်းက ခေတ္တခဏမျှ တွေးဆချင့်ချိန်လိုက်ကာ ရှန့်ယွင်ကျယ်ဆီသွားရန် အားလပ်ချိန်တစ်ခု ရှာလိုက်သည်။