အပိုင်း - ၇ (လွဲမှားနေသော အယူအဆ)
[ကိုယ်ချင်းစာစိတ်များ
တရိပ်ရိပ်တိုးလာခဲ့လေပြီ]အပြစ်ပေးရန် စိုင်းပြင်းနေသော သခင်ကြီးဝမ်း၏ အကြည့်များအောက်ဝယ် ဝမ်ထျဲန်းဟူခမျာ အကြောင်းအရာတိုင်းကို အိတ်သွန်ဖာမှောက် အကုန်ထုတ်ပြောရတော့သည်။ ဘာကြောင့်များ သူက ကျောက်ယွဲ့အဖြစ် အယောင်ဆောင်ခဲ့သနည်းဆိုသော ကိစ္စများလည်း ပါဝင်ပေ၏။
"ဆန်းမန်တောင်တန်းပေါ်မှာ အဲ့လိုဓားပြအဖွဲ့မျိုးလည်း ရှိတယ်တဲ့လား"
ဝမ်းလျိုနျဲန်မျက်ခုံးများ ပင့်သွားရသည်။ ဝမ်ထျဲန်းဟူက ဖြေလာ၏။
"သိပ်မကြာသေးတဲ့ နှစ်တွေတုန်းကမှ ကျောက်ယွဲ့က ဆန်းမန်တောင်တန်းပေါ် ရောက်လာခဲ့တာပါ။ တောင်ပေါ်မှာ ဓားပြအုပ်စုပေါင်း ဆယ်ဖွဲ့ကျော်ရှိပေမယ့် ဘယ်အဖွဲ့ကမှ အပြင်လူတွေ ရောက်လာတာကို သဘောမကျကြပါဘူး "
ဖြစ်ပုံမှာ ယခု ကျောက်ယွဲ့သိမ်းပိုက်လိုက်သည့် ကျောက်မုလျှိုမြောင်သည် လွန်ခဲ့သောနှစ်အနည်းငယ်ခန့်အထိ အမြဲတမ်းလိုလို ရန်ပွဲအကြမ်းစားများ မကြာခဏဖြစ်ပွားတတ်လေ့ရှိခဲ့သော နေရာဖြစ်သည်ဟုဆို၏။ သို့သော် အချိ်န်ကာလရွေ့လျောသွားသည်နှင့်အမျှ ထိုနေရာတွင် ရန်ပွဲများ ကျဲပါးသထက်ကျဲပါးလာကာ နောက်ဆုံးတွင်တော့ ငြိမ်သက်အေးချမ်းသွားခဲ့လေသည်။ အကြောင်းရင်းကတော့ အခြားမဟုတ်ခဲ့၊ ကျောက်ယွဲ့မှာ တိုက်ပွဲဝင်ရသောအခါ အမှန်တကယ်ကိုပင် ရက်စက်ကြမ်းကြုတ်လှသောကြောင့်ဖြစ်သည် ၊ သူ့လက်အောက်ရှိ သွေးသောက်ညီနောင်များကလည်း အသက်ကိုပင် ပဓာနမထားဘဲ အစွမ်းကုန် တိုက်ခိုက်တတ်ကြသောကြောင့်ဖြစ်သည်။ ထို့အပြင် ကျောက်ယွဲ့ဘေးနား အမြဲလိုက်ပါတတ်သော လူငယ်၊ သူတို့အခေါ် ဒုခေါင်းဆောင်ဆိုသူကလည်း သိုင်းပညာအရာတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လှပေ၏။ ဆန်းမန်တောင်တန်းပေါ် ဓားပြလာဖြစ်ကြသောကောင်များကတော့ ဒေသခံ လူဆိုးလူမိုက်များ၊ သူခိုးဂျပိုးများ၊ အားနည်းသူကို နှိပ်စက်တတ်သည့်ကောင်များသာဖြစ်ကြသည်မို့ သူတို့ထက်ပိုပြီးအင်အားကြီးကာ သန်မာသောသူများကို တွေ့ကြုံလိုက်ရတော့ အလိုအလျောက် ကျုံ့သွားကာ တပ်ဆုတ်လိုက်ကြရသည်။ မည်သူတစ်ဦးတစ်ယောက်ကမှ ဤတောင်တန်းပေါ်ဝယ် မသေချင်ကြပါပေ။