အပိုင်း - ၁၈၅ ( ပေ့ရှားပင်လယ်ကွေ့စစ်ပွဲ၊ အပိုင်း - ၁ )( ဒီနေ့ ကျွန်တော်မျိုး လုံလုံလောက်လောက် မစားရသေးကြောင်းပါ)
ညရောက်လာလေ လေအလျဉ်သည်လည်း ပိုမိုပြင်းထန်လာလေဖြစ်ကာ မျှော်စင်ဘေးနှစ်ဖက်၌ ချိတ်ထားသော မီးအိမ်များမှာ လေအရှိန်ကို မခံနိုင်သည့်အဆုံး ဘုတ်ခနဲပြုတ်ကျလာကာ မီးစထတောက်လာ၏။
အစောင့်များမှာ အိပ်ငိုက်နေကြသည်။ ရေသူထီးလေးများ၏ အော်သံသဲ့သဲ့ကို ကြားလိုက်မှ လန့်နိုးလာကာ အေခြအနေ သွားစစ်ဆေးကြ၏။ သို့သော် မိုးထိ လောင်တော့မတတ် အညွန့်ကြီးနေပြီဖြစ်သော မီးတောက်များကို တွေ့လိုက်သဖြင့် ရဲဘော်များအား အမြန်ပင် အကူအညီအော်တောင်းလိုက်၏။ ဤမျှော်စင်မှာ ပင်လယ်ထဲရှိ သားရဲမိစ္ဆာများ၏ ဘေးရန်မှ ကာကွယ်ဖို့အတွက် ဆောက်ထားသောစေတီဖြစ်ရာ ထိုအပေါ်တွင် လူမရှိပါ။ ထို့ကြောင့် ဆွေးမြည့်နေပြီဖြစ်သော သစ်သားများမှာ လေအပင့်တွင် ပို၍ပင် ထိန်းမနိုင်သိမ်းမရလောင်ကျွမ်းနေပြီး ညအမှောင်ထုအား လိမ္မော်နီရောင် ထိန်လင်းသွားစေ၏။
"ဘာဖြစ်တာလဲ!!!!"
သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ရောက်လာသည်။ ထိုသူမှာ ဤကျွန်းအားစောင့်ကြပ်ရန် ချူဟိန်စေလွှတ်ထားသော တပ်မှူးတစ်ယောက်ဖြစ်ကာ ချိုက်ချန်ဟု အမည်ရှိ၏။
တပ်သားတစ်ယောက်က ဒူးထောက်လိုက်ကာ ဖြေလာသည်။
"တပ်မှူးကို ပြန်လည်ဖြေကြားပါတယ်။ မီး ဘာကြောင့်လောင်မှန်း မသိရသေးကြောင်းပါ။ လေအရမ်းတိုက်နေတာမို့ ငြိမ်းသတ်ရလည်း ခက်နေကြောင်းပါခင်ဗျ"
ချိုက်ချန်မှာ ထိုမျှော်စင် ပြာကျမလားဆိုသည့်အချက်အား အမှုမထားပါပေ။ အစကတည်းကပင် နတ်ဘုရားနှင့် မိစ္ဆာများအား သူ အယုံအကြည်မရှိ။ သို့သော် မီးကျွမ်းနေသော သစ်အပိုင်းအစများ ပြုတ်ကျလာသည်နှင့်အတူ မျှော်စင်အောက်ရှိ ရေသူထီးများ ေဗြာင်းဆန်နေကြသည်ကို တွေးကြည့်လိုက်ပြီးနောက် စိုးရိမ်လာ၏။ သူ၏ လက်ထောက်မှ ပြောလာသည်။