အပိုင်း - ၁၇၂ ( လက်နဲ့ တကယ်ကိုင်ခဲ့တာ )( အခန်းပြန်ရောက်တဲ့အခါ လက်ကို ရေနဲ့ ရှစ်ခေါက်ဆေးရမယ် )
ငါးဖြူမျှော်စင်ထဲ ယန္တရားထောင်ချောက်များစွာ ရှိနေသည်ဆိုသော်ကြား ရှန်ချန်းဖုန်းအတွက် အဟန့်အတား မဟုတ်ခဲ့ပါ။ ဝူယင်းကလည်း သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာကာ မျှော်စင်အောက်ထပ်မှသည် အပေါ်ထိ နေရာအနှံ့ လိုက်လံရှာဖွေခဲ့သည်။ နေရာတိုင်းတွင် ပင့်ကူမျှင်နှင့် ဖုန်မှုန့်များ၊ ပြန့်ကြဲနေသော စားပွဲနှင့် ထိုင်ခုံများရှိကာ မူမမှန်မှု မတွေ့ရပါချေ။
ဝူယင်းက နံရံအား ဓားမြှောင်ဖြင့် လိုက်ခေါက်ကြည့်ရင်း ပြောလာသည်။
"ရေသူမမျက်ရည် ရှိတယ်ဆိုစေဦးတော့။ ဘာလို့ ပင်လယ်ကမ်းစပ်နား မဟုတ်ဘဲ ဒီမျှော်စင်ထဲ ဖြစ်နေတာလဲ။ ပြီးတော့ ဒီလာတဲ့လမ်းမှာလည်း ဘာရေအိုင်မှတောင် မတွေ့မိဘူး"
တကယ်ကြီး ရှိမယ့်ပုံမပေါ်ဘူး။ ငါးတွေကိုဆို ရေကန်ထဲ ထည့်မွေးထားရမှာ မဟုတ်ဘူးလား။
ရှန်ချန်းဖုန်းက ကြမ်းပြင်ပေါ် ထိုင်လိုက်ကာ လက်ဖြင့် အသာထောက်လိုက်၏။ ထို့နောက် အတွင်းအားများအား စုစည်းကာ လက်ဖဝါးပြင်အောက်ရှိ မြေကြီးအား ဖောက်ခွဲပစ်လိုက်ေလသည်။
ဝူယင်းမှာ ခြေဖထာက်အောက်မှ တုန်ယင်မှုလှိုင်းကို ခံစားလိုက်ရရာ အတော်လည်းအံ့ဩသွားပေသည်။
ဂိုဏ်းချုပ်ရှန်ကို တောင်သခင်ယဲ့ ဘာေတွကျွေးထားတာလဲ။ သူ့သိုင်းအစွမ်းက ထူးထူးဆန်းဆန်းကို မဟားဒရား များနေတာပါ့လား။
ရှန်ချန်းဖုန်းက မတ်တတ်ပြန်ရပ်လိုက်ကာ ပြောလာသည်။
"ဒီအောက်မှာ ဥမင်ရှိနေတယ်။ ပြီးတော့ ပတ်ပတ်လည်မှာလည်း ယန္တရားထောင်ချောက် ရှိနေလောက်တယ်"
ဝူယင်းလည်း ဘေးပတ်ပတ်လည်အား ကြည့်လိုက်ရာ ဘာဆိုဘာမှမရှိသော နံရံများကိုသာ တွေ့လိုက်ရ၏။ ယန္တရားထောင်ချောက် မဆိုထားနှင့်၊ အပေါက်တစ်ပေါက်တောင်မျှ မတွေ့ရပါ။
"ငါက စိတ်လောတတ်တယ်။ အဲ့တစ်ခုတော့ ပြင်ရမှာ"
ရှန်ချန်းဖုန်းက နံရံများအား လိုက်ခေါက်ကြည့်လိုက်ကာ ဆိုလာသည် ။