အပိုင်း - ၇၇ ( တုံးအနေရင် မလုပ်နိုင်တဲ့အရာမရှိဘူး )
( ကျွန်တော်တို့နဲ့အတူတူ လူပျိုလူလွတ်ပဲ လာလုပ်လိုက်ပါတော့လား )
ထို့နောက် ကျောက်ယွဲ့က တစ်ဖက်လူ၏ နှုတ်ခမ်းသားများကို မက်မောစွာ နမ်းလာပြီးနောက် ပြန်လွှတ်ပေးလိုက်ကာ လူကို စားပွဲပေါ်မှ ပြန်ထရန် ထူပေးလိုက်သည်။
သူ့လည်တိုင်ထက် ဖက်တွယ်ရစ်သိုင်းထားသော ဝမ်းလျိုနျဲန်မှာမူ သူ့အား မျက်တောင်ပင်မခတ်ဘဲ နားမလည်နိုင်စွာ ကြည့်လာ၏။
ကျောက်ယွဲ့၏ရင်ထဲတွင်မူ တည်ကြည်မြင့်မြတ်မှုနှင့် လူသားဆန်လိုမှုတို့ လွန်ဆွဲနေကြကာ အတန်ကြာသည့်အထိ ဝမ်းလျိုနျဲန်၏ မျက်နှာအား မကြည့်ရဲခဲ့။ မိမိသာ ဆက်ငေးကြည့်လိုက်ပါလျှင် ကြာကြာဆက်တောင့်ခံထားနိုင်တော့မည်မဟုတ်ပါပေ။
ဝမ်းလျိုနျဲန် - "....."
ပြတင်းပေါက်က အရမ်းကြည့်ကောင်းနေလို့လား။
"မင်း အခန်းထဲ ပြန်သွားလိုက်တော့။ ဒီနေ့ ကိုယ် အရမ်းပင်ပန်းနေပြီမို့"
ပြတင်းပေါက်အပြင်ဘက်ရှိ အရိပ်တပ်သားများမှာ တစ်ယောက်ပြီးတစ်ယောက် နံရံပေါ် မှီချလိုက်ရ၏။ ထို့အပြင် ကျောက်ယွဲ့မှာ ဤတစ်သက်တော့ လက်ထပ်ရတော့မည်မဟုတ်ဟုလည်း နင့်နင့်နဲနဲ ခံစားလိုက်ရ၏။ မိမိတို့ဆီသာ ပြန်လာကာ လူပျိုလူလွတ်အဖြစ်သာ အတူတူဆက်နေသွားကြပါစို့။
"ဪ"
ဝမ်းလျိုနျဲန်က ဖြည်းညှင်းစွာသာ ဆိုလာသည်။
ကျောက်ယွဲ့က ဝမ်းလျိုနျဲန်၏ ဖရိုဖရဲဖြစ်နေသောအဝတ်အစားများကို ပြန်လည်ပြုပြင်ပေးလိုက်ကာ စာကြည့်ခန်းထဲမှ ထွက်သွား၏။
ဟုန်ကျာလန်ကမှ အံဆွဲပေါ်သို့ တက်လာကာ နောက်တစ်ဖန် စွန့်ပစ်ခံရမည်စိုးသောကြောင့် ခြေလက်လေးများလှုပ်ပြလာသည်။
သို့သော် အရိပ်တပ်သားများက သူ့အား ကောက်ယူလိုက်ကြရာ ဟုန်ကျာလန်ကမူ မကျေမနပ်ဖြစ်သွားကာ ရုန်းကန်လာသည်။
လွှတ်ပေး!!!!!
အရိပ်တပ်သားများကမူ ၎င်းအား အင်္ကျီအိတ်ထဲထည့်ကာ ကြယ်တာရာအား ငေးကြည့်ရန် ခေါင်မိုးပေါ် ခေါ်တက်သွား၏။