အပိုင်း - ၁၁၄ ( ဘာလို့ လူတိုင်းက ပျော်ပွဲရွှင်ပွဲထဲ ဝင်လာနွှဲချင်တာလဲ)
( ကျွန်တော်တို့က စိတ်ရင်းအမှန်နဲ့ ချစ်နေကြတာပါ)
T/n : အရှိန်မပျက်ဖို့ double update ပါ။
"ဘာဖြစ်လို့လဲ"
ကျောက်ယွဲ့အား ဝိုင်းကြည့်နေသည်ကို မြင်တော့ သခင်မကြီးဝမ်းမှာ တွေဝေသွားရသည်။
"ဝမ်းဖူးရန်"
ကျောက်ယွဲ့လည်း တည်ငြိမ်စွာ နှုတ်ခွန်းဆက်သလာ၏။ သခင်မကြီးဝမ်းလည်း ပြုံးရွှင်စွာ မေးလာ၏။
"ရှောင်လျို့ကျီ၊ ဒီကောင်လေးကလည်း သားရဲ့သူငယ်ချင်းများလား"
ဝမ်းလျိုနျဲန်မှ ဆို၏။
"ဟုတ်ကဲ့။ မေမေ သူ့ကို ဘယ်လိုမြင်လဲဟင်"
"ဘယ်လိုမြင်လဲ၊ ဟုတ်လား?"
သခင်မကြီးဝမ်း ပြန်ရေရွတ်မိသွားသည်။
ဘယ်လိုမေးခွန်းကြီးလဲ။ လူအများရှေ့မှာ ဒီလိုမေးခွန်းမျိုး ဘယ်လိုဖြေရပါ့။
"မေမေလို့ ~"
ဝမ်းလျိုနျဲန်က သူမ၏လက်မောင်းအား ဖက်တွယ်လာ၏။ ထိုအဖြေကို အင်မတန်မှ အလေးထားမှန်း သိသာလှသည်ပင်။
သခင်မကြီးဝမ်းက ပြုံးလိုက်ကာ ဆို၏။
"ကောင်းတာပေါ့ကွယ်။ မျက်နှာအသွင်အပြင်လည်း ချောမောသလို အရပ်အမောင်းကလည်း မြင့်မားလှတယ်။ သာမန်မိသားစုကနေ လာတာမဟုတ်မှန်း တစ်ချက်တည်းကြည့်ရုံနဲ့ သိသာနေတာပဲဟာ"
ကျောက်ယွဲ့၏ လက်ဖဝါးပြင်ထက် ချွေးစေးများပြန်လာ၏။
"တော်တော်ကျယ်တဲ့ အိမ်ပဲ။ အိမ်ပုံစံ လှရုံတင်မက လူတွေလည်း စုံစုံလင်လင် စုစုဝေးဝေးရှိနေတာ"
သခင်မကြီးဝမ်းက ဘေးနားရှိ ကျန်သူများကိုပါ လိုက်ကြည့်နေကာ အရိပ်တပ်သားများထံအရောက်ဝယ် အကြည့်များရပ်တန့်သွား၏။ ထိုသူတို့က ဝတ်စုံဆင်တူဝတ်ထားကြသည်မို့ သခင်မကြီးဝမ်းမှာ မေးလာသည်။
"ဒါက - "
"ဒီပုဂ္ဂိုလ်တွေက ကျွန်တော် ယွင်လန်မြို့မှာ တာဝန်ကျတုန်းက မိတ်ဆွေအဖြစ်သိကျွမ်းခင်မင်လာတဲ့ ကျွေ့ယင်နန်းသခင်နဲ့ ကျွေ့ယင်နန်းရဲ့ အရိပ်တပ်သားတွေပါခင်ဗျာ"