အခန်း - ၄၇ { တောင်နောက်ကို အတူသွားကြစို့ }
{ ခုလေးတင် ပွေ့ရင်းဖက်ရင်း ထွက်သွားကြပြီလေ }
ရန်သူဘက်မှ သတိမမူမိစေရန် ကျောက်ယွဲ့တို့နှစ်ယောက်မှာ ရွာထဲသို့ ပေါ်လွင်ထင်ရှားစွာ ဝင်မလာဖြစ်ဘဲ လျို့ဝှက်စွာသာ စုံစမ်းထောက်လှမ်းခဲ့သည်။ အစာစားချိန်ဟူသည် လူအစည်ကားဆုံးအချိန် ဖြစ်သော်ငြား ဝူနျိုရွာကမူ တိတ်ဆိတ်နေကာ အိမ်တိုင်း၏ တံခါးများက ပိတ်ထားလျက်သား။ မီးဖိုခန်းများမှ မီးခိုးငွေ့များသာ ထွက်မလာပါက လူသူကင်းမဲ့နေသည့်ရွာဟုပင် သတ်မှတ်၍ရချေသည်။
"လူတွေကပါ ကြောက်လန့်နေကြသလိုပဲ။ မဟုတ်ရင် အိမ်တံခါးကို ဒီလောက်စောစောစီးစီး ပိတ်ထားကြမှာ မဟုတ်ဘူး"
လုကျွေးက ဆိုလာသည်။
ကျောက်ယွဲ့လည်း သူနှင့်အတူ ဆက်လက်ထောက်လှမ်းလာရာ နောက်ဆုံးတွင်တော့ ကမ်းပါးတစ်ခုဆီ ရောက်လာ၏။
"ဒေသန္တရမှူးမတ်တွေဘက်က ဘာမှမတတ်နိုင်လို့ အမှုကို မဖြေရှင်းရသေးဘူးလို့ပဲ အစီရင်ခံလာကြတာ မဆန်းဘူး။ ချောက်ကမ်းပါးပေါ်ရှိတဲ့ ဒီရွာကို အပြင်လူတွေ ရောက်လာလေ့လည်း မရှိဘူးထင်တယ်။ အစပိုင်း အေးချမ်းနေပေမယ့် မည်းတူးနေတဲ့ ဒီအလောင်းတွေက ရွာထဲ ထုတ်တရက်ကြီး ပေါ်လာတယ်။ ဘယ်သူ့အလောင်းတွေမှန်း မပြောသေးနဲ့၊ ဘယ်ကနေ ဘယ်လိုပေါ်လာမှန်းတောင် မသိကြတာမို့ စိတ်ရှုပ်ရမှာ အမှန်ပဲ"
"ချောက်ကမ်းပါးရှိမှတော့ ရှင်းပြနိုင်တဲ့အချက် တစ်ခုပဲ ရှိတယ်။ အရင်ရက်တုန်းက ဒီအလောင်းတွေကို ထုတ်မလာခင် ဒီရွာထဲမှာပဲ ဖွက်ထားခဲ့တာ။ ဒါမှမဟုတ် ၊ ဒီမြို့ကို အစကတည်းက လုံးဝ ဖြတ်မသွားခဲ့ဘဲ ရွာနီးချုပ်စပ်က စိုက်ခင်းထဲ စွန့်ပစ်ထားလိုက်တာ။ ဘယ်တစ်ခု ပိုဖြစ်နိုင်တယ်လို့ ခေါင်းဆောင်ထင်လဲခင်ဗျ "
"အခုလောလောဆယ်တော့ ငါလည်း မပြောနိုင်သေးဘူး။ ဒါပေမယ့် အလောင်းခုနစ်လောင်းရှစ်လောင်းကို ဖွက်ထားနိုင်ဖို့ ခက်တယ်။ စုံစမ်းဖို့ ရွာထဲပြန်သွားရမှာပဲ၊ ခုထက်ထိ ဘာသဲလွန်စမှ မရသေးဘူး".