အပိုင်း - ၃၁ ( အိမ်ပြောင်းကြရင် ပိုကောင်းမယ် ){ မျိုးရိုးမြင့်သခင် ရှန့်ယွင်ကျယ် }
မနေ့ညက အပြင်းအထန်ဖျားခဲ့သောကြောင့်ရော၊ လွန်စွာပင်ပန်းထားသောကြောင့်ပါ ဝမ်းလျိုနျဲန်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည်။ ကျောက်ယွဲ့က စာကြည့်ခန်းပတ်ပတ်လည်အား နှစ်ခေါက်သုံးခေါက်မျှ ပတ်ကာ လုကျွေး မှ လွန်စွာ အမွှန်းတင်ခဲ့သည့် အနှီပန်းချီကားများအား ကြည့်ရှုလိုက်၏။ သို့ရာတွင် မည်သို့ပင် ကြည့်လိုက်စေကာမူ သူ့အတွက်တော့ မည်းနက်နေသည့် မင်စုတ်ချက်များသာ ဖြစ်နေချေ၏။
ထိုစဥ္ ဝမ်းလျိုနျဲန်က အိပ်ပျော်နေရင်း ချောင်းအနည်းငယ်ထဆိုးသည်။
ကျောက်ယွဲ့လည်း သူ့အနားသို့ လျှောက်လှမ်းသွားလိုက်ကာ လျှောကျလာသောစောင်အား ပြန်၍ ခြုံလွှမ်းပေးလိုက်၏။ ဝန်းကျင်ထုထဲ အနွေးဓာတ်ပြန်ကဲလာသောအခါ ဝမ်းလျိုနျဲန်လည်း ပြန်၍ အိပ်ပျော်သွားခဲ့သည်။
ကျောက်ယွဲ့ကမူ စားပွဲနား ပျင်းရိစွာထိုင်ကာ သမ်းဝေနေခဲ့သည်။ ထို့နောက် သူ့အင်္ကျီအိတ်ထဲ စာအုပ်ရှိနေသေးမှန်း အမှတ်ရသွားကာ ၎င်းအားဖတ်ရင်း အချိန်ကုန်ဆုံးရန် စာအုပ်အား ထုတ်ယူလိုက်၏။ သို့သော် နှစ်မျက်နှာပင် ဖတ်မပြီးသေးခင် စိတ်တိုလာပြန်သည်။
မမြင်မစမ်းနဲ့ ၊ ပေါက်တတ်ကရတွေကို ထပ်ခါတလဲလဲ ဗြောက်သောက်လျှောက်ရေးထားတာပဲ။
အိပ်ပျော်နေသူဘက် လှည့်ကြည့်လိုက်သောအခါ စာဂျပိုးလေးက နှစ်ခြိုက်စွာ အိပ်ပျော်နေမှန်း တွေ့ရသဖြင့် ကျောက်ယွဲ့မှာ စိတ်တိုတိုနှင့်ပင် တစ်ဖက်လူ၏ ခေါင်းအား ခေါက်ပစ်လိုက်သည်။
စာပေပညာရှင်တိုင်းက သိမ်မွေ့နူးညံ့ပြီး ရိုကျိုးနှိမ့်ချသင့်တာမဟုတ်ဘူးလား။ ဘာကြောင့်များ ဒီဟာလေးကကျ လူကို စိတ်အနှောင့်အယှက်တော်တော်ပေးနိုင်သတဲ့တုန်း။
ဝမ်းလျိုနျဲန်ကမူ မျက်မှောင်ကြုတ်သွားကာ တစ်ခုခုအား ရေရွတ်ပြီး တစ်ဖက်သို့ လှည့်အိပ်သွားသည်။