အပိုင်း - ၆၉ ( မနက်ဖြန်ကျ အိုးအသစ်တစ်လုံး ပြန်ဝယ်ပေးပါ့မယ် )
( ကျွန်တော်လည်း ခင်ဗျားကို ပြောပြချင်တဲ့စကား ရှိတယ်)
တစ်ညလုံး ဟိုလှိမ့်ဒီလှိမ့် လုပ်နေပြီးနောက် ကျောက်ယွဲ့မှာ မိုးသောက်ခါနီးမှ အိပ်ပျော်သွားသည်။ နိုးလာသောအခါ နေ့လယ်စာစားချိန်ပင် တိုင်ခဲ့ပြီဖြစ်၏။
ခြုံထားသောစောင်မှာ လွန်စွာမှနွေးထွေးလှကာ ရင်ခွင်ထဲရှိ လူသားလေးသည်လည်း နွေးထွေးနူးညံ့လှပေ၏။
သူ့ရင်ခွင်ထဲ လူတစ်ယောက် အိပ်စက်နေမှန်း အမှတ်ရသွားသောအခါ ကျောက်ယွဲ့မှာ ခေတ္တမျှ ကြောင်သွားသည်။ ထို့နောက် ထိုသူ အိပ်ပျော်နေဆဲလားဟု သေချာစေရန် ဖြည်းနှေးစွာ ငုံ့ကြည့်လိုက်၏။
ဝမ်းလျိုနျဲန်လည်း သူ့အား မော့ကြည့်လာပေသည်။
ကျောက်ယွဲ့ - "....."
အတန်ကြာခါမှ ဝမ်းလျိုနျဲန်က ပြောလာ၏။
"မင်္ဂလာနံနက်ခင်းပါ"
"အင်း၊ မင်္ဂလာနံနက်ခင်းပါ"
ထို့နောက် ဝမ်းလျိုနျဲန်က အားပါးတရ အညောင်းအညာဆန့်လာကာ ကွေးကွေးလေး ပြန်အိပ်နေလိုက်သည်။ အိပ်ရာမှ မထချင်သေးသည့်အလား။
ကျောက်ယွဲ့သည်လည်း ထိုသူအား ထွက်မသွားစေချင်သေးပါဟု ခံစားရပေ၏။
ကံကောင်းစွာဖြင့်ပင် ဝမ်းလျိုနျဲန်မှာ ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သည့်မှတ်ချက်မှ မဆိုပါ။ ထိုအစား -
"ဆောင်းရာသီရောက်လာရင် ခေါင်းဆောင်နဲ့ အတူအိပ်ချင်တဲ့လူတွေ အများကြီးရှိလာမှာပဲ"
ကျောက်ယွဲ့မှာ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရ၏။
ငါက ဘာလို့ "လူအများကြီး"နဲ့ အတူအိပ်ရမှာလဲ။
"ဘာလို့လဲဆိုတော့ ခေါင်းဆောင်ကျောက်က အရမ်းနွေးတယ်၊ လုံးဝလုံးဝ မချမ်းရတော့ဘူး"
"မင်း အချမ်းကြောက်တာလား"
"အင်း"
ဝမ်းလျိုနျဲန်က ခေါင်းညိတ်လာ၏။