အပိုင်း - ၆၆ ( လျို့ဝှက်ချက်များ ပြည့်နှက်နေသည့် အတိတ်နောက်ကြောင်း)
( ကိစ္စတွေကို တစ်ခုပြီးတစ်ခု ကိုင်တွယ်ဖြေရှင်းရမယ်လေ )
လုကျွေးနှင့်ယှဥ္ကာ ကြမ်းတမ်းခက်ခဲသည့်တိုက်ပွဲတစ်ပွဲ ရင်ဆိုင်ရပြီးနောက် မုဝန့်ရှုန်မှာ လက်တစ်ဖက်ပြတ်သွားကာ စီးဆင်းနေသော မြစ်ရေပြင်ထဲသို့ အော်ရင်းဟစ်ရင်း ပြုတ်ကျသွားသည်။ ထို့နောက် အစအနပင် ရှာမတွေ့ရတော့ပါချေ။
မုဝန့်လေလည်း တောင်တက်လမ်းတစ်လျှောက် ထွက်ပြေးသွားသည်။ ကျောက်ယွဲ့ကလည်း သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်သွားကာ လမ်းဆုံးတစ်ခု၌ ချောင်ပိတ်သွားစေ၏။
မုဝန့်လေ၏နောက်တွင် ပေတစ်သောင်းမျှနက်သည့် ချောက်ကမ်းပါးတစ်ခု ရှိနေရာ မုဝန့်လေမှာ ထိုကမ်းပါးထိပ်တွင် ရပ်တန့်လိုက်ရသည်။ ထို့နောက် သူ့နောက်ရှိ လူတစ်စုအား သတိကြီးစွာ ထားပြီး ကြည့်လာ၏။
အရိပ်တပ်သားက အင်္ကျီလက်ကို ခေါက်တင်လိုက်ကာ မေးလာသည်။
"ခေါင်းဆောင်ကျောက်၊ ဘယ်တော့ ဝင်သွားဆော်ကြမလဲ"
"ဒီကိစ္စက ငါနဲ့သူတို့ကြား ရန်ငြိုးရန်စ"
အရိပ်တပ်သားက ထပ်မံဖြည့်ပြောလာ၏ ။
"ဒါပေမယ့် ကျွန်တော်တို့က ကျောက်ဖူရန်ရဲ့ လူတွေလေဗျာ!!!!"
ကျောက်ယွဲ့ - "....."
"ဒါကြောင့် မိသားစုတစ်ခုတည်းပဲလေလို့"
အရိပ်တပ်သားခမျာ မနည်း ဆွေမျိုးစပ်ပြနေရသည်။
"ကျေးဇူးပဲ။ ဒါပေမယ့် မလိုတော့ဘူး"
အရိပ်တပ်သားမှာ လွန်စွာမှ စိတ်ပျက်သွားကာ လက်ထဲရှိ သံကြာပွတ်ကို မလွှတ်ချင်လွှတ်ချင် လွှတ်ချပစ်လိုက်ရ၏။
"မင်း အရင်ချ"
ကျောက်ယွဲ့ဘက်မှ ထိုသို့ ပြောလာသောအခါ မုဝန့်လေလည်း ဓားရိုးကို မြဲမြံစွာ ကိုင်လိုက်သည်။ တစ်ယောက်ချင်း ယှဥ်ပြိုင်လာပါလျှင် ကျောက်ယွဲ့မှ အနိုင်ရမည်ဟု သူ မထင်ပါ။ သို့သော် ယခုတွင်မူ တစ်ဖက်ရန်သူ၌ လူအုပ်လိုက်ကြီး ရှိနေပေ၏။