အပိုင်း - ၁၂၀ ( အမတ်မင်းဝမ်းက ဘယ်တစ်ယောက်လဲ )( လူမှားသွားပြီ )
ထိုညက ကျောက်ယွဲ့မှာ အရုဏ္ဦးဝေဟင်ပြင်တွင် နေလုံးမြင်ရခါနီးအထိ အတန်ကြာလေ့ကျင့်နေပြီးမှ ဝမ်းစံအိမ်သို့ ပြန်လာဖြစ်၏။ အခန်းတံခါးပွင့်သွားသည့်အသံကို ကြားသော် ဝမ်းလျိုနျဲန်လည်း အိပ်မှုန်စုံမွှား နိုးလာကာ သူ့အား လှည့်ကြည့်လာ၏။
"မင်း နိုးအောင် လုပ်မိသွားသလား"
ကျောက်ယွဲ့က ကုတင်ဘေးနား ထိုင်လိုက်ကာ ဝမ်းလျိုနျဲန်အတွက် ညင်သာနူးညံ့စွာ စောင်ပြန်ခြုံပေးလာ၏။
"ဆက်အိပ်တော့"
"ဘာလို့ ခုမှ ပြန်လာတာလဲ"
ဝမ်းလျိုနျဲန်က ဘေးသို့ရွှေ့ကာ ကျောက်ယွဲ့အတွက် နေရာဖယ်ပေးလာ၏။
ကျောက်ယွဲ့ကမူ ခြေလက်ဆေးကြောလိုက်ကာ သူ့အနား လဲလျောင်းပြီး လူကို ပွေ့ဖက်လာ၏။
"အခြေအနေရော"
"သိုင်းကျင့်တာကို ပြောတာလား"
"အင်း"
ဝမ်းလျိုနျဲန် ခေါင်းညိတ်လာသည်။
"ဒီနေ့တော့ ကိုယ် နှလုံးအိမ်နဲ့ပတ်သက်တဲ့ စိတ္တရကျင့်စဥ်တစ်ခုကို နည်းလမ်းတစ်ဝက် သင်ယူလာရတယ်။ အတော်လေးအဆင့်မြင့်မယ့်ပုံပဲ"
"သူ့နောက်ကြောင်းကိုရော ခင်ဗျား မေးကြည့်သေးလား"
"မေးတယ်၊ သူကတော့ ပြန်ဖြေဖို့ ငြင်းခဲ့တယ်။ သူ့အတိတ်က ဝမ်းနည်းစရာမို့ မပြောပြချင်လို့ပါတဲ့"
"နာမည်ရော"
ဝမ်းလျိုနျဲန် ထပ်မေးလာ၏။
ကျောက်ယွဲ့မှ ခေါင်းခါပြလာသည်။
"ဆရာလို့ပဲ ခေါ်ခိုင်းထားတယ်"
ဝမ်းလျိုနျဲန် မျက်မှောင်ကြုတ်သွား၏။
"နာမည်တုလေးတောင် ဟန်ောင်ပန်ဆောင် ပြောပြချင်စိတ် မရှိဘူးပေါ့"
ထိုစကားကိုကြားတာ့ ကျောက်ယွဲ့ ရယ်မိသွား၏။
"အဲ့လိုကိစ္စတွေ ဘာလို့ အရေးစိုက်ရမှာလဲ။ လိမ်ပြောတာနဲ့ ဘာမှမပြောပြတာနဲ့ ဘာမှမှ သိပ်မကွာတာကို"