အပိုင်း - ၅၉ ( ကဏန်းချက် )
( ရှားပါးပိုးကောင်အဖြစ်မှ အစားအသောက်ဖြစ်ရန် မည်မျှအလှမ်းဝေးပါသနည်း )
နောက်နေ့မွန်းလွဲချိန် နေ့လယ်စာမစားကြခင်အချိန်ဝယ် မုဝန့်လေနှင့် မုဝန့်ရှုန်တို့မှာ ရှန့်စံအိမ်သို့ ထပ်လာကြပြန်၏။ အစစအရာရာ အဆင်သင့်ပြင်ထားပြီးပြီဖြစ်ကြောင်း၊ ဆန်းမန်တောင်ပေါ်သို့ ခုချက်ချင်း တက်ရောက်သွားနိုင်ကြောင်း ဝမ်းလျိုနျဲန်အား လာပြောကြ၏။
ဝမ်းလျိုနျဲန်ကမူ အိပ်ရာပေါ်တွင် ချည့်နဲ့စွာ လဲလျောင်းနေရင်း အံ့ဩသည့်အသွင်နှင့် ပြောလာသည်။
"မြန်လိုက်တာ"
"မုစံအိမ်သားတွေက မြို့ပြင်မှာ စခန်းချနေခဲ့ပြီးသားမို့ အမိန့်ရတာနဲ့ မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်တာပါ"
"အလောတကြီးလုပ်လွန်းရင် အရှုံးနဲ့ကြုံတွေ့နိုင်တယ်။ အသင်တို့နှစ်ယောက်လည်း ဘေးကင်းဖို့လိုတာမို့ စေ့စေ့စပ်စပ် ပြန်တွေးကြည့်ပါဦးလား"
သူ့ဘဝတစ်လျှောက်လုံး ကြားဖူးခဲ့သော စကားများအနက် ထိုစကားများမှာ စိတ်ရှုပ်စရာအကောင်းဆုံးစကားများဖြစ်ကြောင်း မုဝန့်ရှုန် ခံစားလိုက်ရသည်။
"မပူပါနဲ့၊ အမတ်မင်း။ မုစံအိမ်ဘက်က အပြည့်အစုံ ပြင်ဆင်ထားပြီးသားပါ"
ဝမ်းလျိုနျဲန်ကမူ ငြိမ်သက်စွာ ပြောလာ၏။
"ပန်ကွမ်းတော့ အဆင်သင့်မဖြစ်သေးတာမို့ နောက်နှစ်ရက်လောက် ထပ်စောင့်ပါဦး"
ကျောက်ယွဲ့မှာ သူတို့စကားပြောနေကြသည်ကို ကန့်လန့်ကာအကွယ်မှ နားထောင်နေရာ အနည်းငယ် ရယ်ချင်လာပေ၏။
မုဝန့်ရှုန်မှာ ဤမြို့စားမင်း၏ ဒေါသဆွမှုတစ်သိန်းအား တကယ်အံ့ဩသွားရသည်။ အစိုးရရုံးတော်ထဲ ပုန်းခိုအိပ်စက်နေလျှင်လည်း ရလျက်သားနှင့်၊ ယခုလည်း မုစံအိမ်ဘက်က မည်သည့်အကျိုးအမြတ်မှ ပြန်မယူပါဘဲ ကူညီပေးလိုသွကို အဘယ်ကြောင့်များ ထပ်ခါတလဲလဲ နေ့ရွေ့ညရွှေ့ လုပ်နေပါသနည်း။ တစ်ခုခုတော့ မှားယွင်းနေပြီလော။