အပိုင်း - ၁၀၃ ( အမတ်မင်းဝမ်းက နန်းတော်ထဲ ဝင်သွားပြီ )(ဘုရင့်တပ်မတော်ထဲက မိတ်ဆွေလေးဟာ အရမ်းကြမ်းတမ်းတာပဲ )
"ဒီလောက်မိုးသည်းနေတာကို ဘာကိစ္စ လမ်းသလားနေတာလဲ"
ချိန့်လျဲ့က သူ့ပခုံးအားဖက်ထားသည့် တစ်ဖက်လူဆီမှ အတင်းရုန်းထွက်ရင်း မေးလာသည်။
အရိပ်တပ်သားက ဖြေလာ၏။"ရှန့်စံအိမ်မှာ အရမ်းမွန်းကျပ်တယ်။ ဒါကြောင့် အပြင်ထွက်ပြီး မိုးအစိုခံတာ ပိုကောင်းတယ်လေဗျာ "
ချိန့်လျဲ့မှာ ထိုစကားအား လုံးဝ သံသယမဝင်ပါချေ။ အရင့်အရင် အတွေ့အကြုံများအရ မိုးမိမည်စိုးသည်ဟု အကြောင်းပြကာ ဤလူများကို ငြိမ်ငြိမ်နေခိုင်းဖို့ မဖြစ်နိုင်မှန်း သူ သိနေသောကြောင့်ပင် ဖြစ်၏။
အရိပ်တပ်သားက သူ့အားကြည့်ကာ ပြန်မေးလာ၏။
"တပ်မှူးချိန့်ကရော ဘာလုပ်နေတာလဲ ၊ နန်းတော်ထဲကနေ လူတွေအများကြီး ခေါ်ထုတ်လာတာလား"
"ဧကရာဇ်အမိန့်တော်အရ သံသယရှိသူကို ဖမ်းခေါ်ပြီး ပြန်သွားရမှာပါ။ ဒီရက်ပို်င်း အမတ်မင်းကို စောင့်ရှောက်ပေးကြပါဦးနော့"
"ဟင်၊ ဘာသဘောလဲ"
အရိပ်တပ်သားလေးက တောင့်ခဲမှင်သက်သွား၏။
"သံသယဝင်စရာကောင်းတဲ့ လူတစ်ယောက်ယောက်က အမတ်မင်းနား ချဥ္းကပ်ဖို့ ဒီမြို့တော်ထဲ ရောက်နေတယ်လို့ ဆိုလိုတာလားခင်ဗျာ"
ချိန့်လျဲ့မှာ ခေါင်းအမြန်ခါပြလိုက်၏။
" မဟုတ်ပါဘူးခင်ဗျာ၊ အမတ်မင်းနဲ့ မဆိုင်ပါဘူး။ ဒါပေမယ့် မြားတံမှာ မျက်စိမပါသလို တစ်ဖက်ရန်သူက ဒီမြို့တော်ထဲ ပုန်းကွယ်စရာနေရာ သိပ်မသိလောက်တာမို့ ဖမ်းဆီးမယ့်အခါမှာ မဆိုင်တဲ့လူပါ မတော်တဆထိခိုက်မိသွားရင် မကောင်းလို့ပါ"
"အဲ့လိုကိုး"
အရိပ်တပ်သားများက စိတ်သက်သာရာရစွာ သက်ပြင်းမောချလာကြ၏။
"ဒါဆို အခု ဘယ်သူ့ကို ဖမ်းကြမှာလဲ။ တိုက်ပွဲအကြီးကြီး ရှိမှာလား"