အပိုင်း - ၆၃ ( ဘာလို့ ဒါတွေကို ဆောင်ထားတာတုန်း )
(ဘယ်လက်ရုံးက အရမ်းကြံ့ခိုင်တယ်)
မြို့ပြင်စခန်း၌ ရှိနေစဥ်တုန်းက ရှန့်ယွင်ကျယ်နှင့် မုချင်းရှန်းတို့ အတူအိပ်စက်ကြသည်မှာ ကျိုးကြောင်းဆီလျော်သောကိစ္စ ဖြစ်သည်။ ပထမအကြောင်းရင်းမှာ ရန်သူများ၏ အလစ်တိုက်ခိုက်လာမည့်ဘေးမှ ကြိုတင်ကာကွယ်ခြင်းဖြစ်ကာ ဒုတိယအကြောင်းရင်းမှာ နေစရာနေရာ သိပ်မကျယ်ဝန်းသောကြောင့် ဖြစ်၏။ သို့သော် ခံတပ်သခင်ရှန့်မှာ ရှန့်စံအိမ်သို့ ပြန်လာသောအခါတွင်လည်း အိမ်ကို ထားခဲ့ကာ ထိုအိမ်ကြီး၌ ပြန်မအိပ်တော့ပါ။
မုချင်းရှန်းကမူ ကိုယ်ကိုကိုင်းကာ အိပ်ရာခင်းအား ပြင်ဆင်နေသည်။ ရှန့်ယွင်ကျယ်က အမှုထမ်းများအား ရေနွေးယူလာစေပြီးနောက် အိပ်ရာဘေးနား အေးအေးဆေးဆေး ဝင်ထိုင်နေလိုက်သည်။
မုချင်းရှန်းက ဆို၏။
"ကိုယ့်နေရာကိုယ် ပြန်သွားအိပ်ချေ"
ရှန့်ယွင်ကျယ်က ခေါင်းခါပြလာ၏။
"ဟင့်အင်း၊ မပြန်ဘူး"
မုချင်းရှန်းက ထိုသူအား ဥပေက္ခာပြုလိုက်ကာ ခြေလက်ကိုသာ ဆေးနေလိုက်သည်။ ထို့နောက် အပေါ်ဝတ်ရုံအား ချွတ်ပြီး အိပ်ရာထက် လှဲလိုက်၏။
နူးညံ့သောအိပ်ရာခင်းထက် မအိပ်စက်ရသည်မှာ အတန်ကြာနေပြီဖြစ်ရာ လွန်စွာမှပင် ဇိမ်ကျလှသည်မို့ မုချင်းရှန်းမှာ ကျေနပ်အားရစွာ သက်ပြင်းချမိ၏။
မိမိနောက်တွင် မည်သူမှ ရှိမနေပါလျှင် ပိုကောင်းမည်ဖြစ်သည်။
"ဘာလို့ ပုန်းနေတာလဲ"
ရှန့်ယွင်ကျယ်က သူ့အားကြည့်ပြီး ရယ်လာ၏။ မုချင်းရှန်းက စိတ်ဆိုးမာန်ဆိုး ပြောလာသည်။
"ကိုယ့်အခန်းကိုယ် ပြန်သွားအိပ်လို့!!!!"
"မြို့ပြင်မှာနေတုန်းကတောင် မင်းက ညဥ့်နက်လာတိုင်း ငါ့ကို လာထိလိုက် လာဖက်လိုက်လုပ်နေတာပဲလေ။ ဒီကို ပြန်ရောက်လာတာနဲ့ ဘာလို့ လူကို အတင်းနှင်ထုတ်နေတာလဲ "