21 1 0
                                    

သန္ဓေသားပျော်ရည်ဆေး
                          အပိုင်း(၂)

     ကျွန်တော်တို့၄ယောက် မရောက်ဖြစ်တာ
ကြာပြီဖြစ်သော သာဓုကန်စေတီလေးသို့
ရောက်နေကြခြင်းဖြစ်သည်။ မြို့လယ်နှင့်
အလှမ်းဝေးလှပြီး ပွဲတော်ရက်များမှလွဲပြီး
ရှုပ်ထွေးမှုအတန်ငယ်နည်းလှသော ဤစေတီ
လေးရှိရင်ပြင်၏ ထူးခြားမှုကား လေကောင်း
လေသန့်ပိုမိုရရှိကာ ကုန်းမြင့်ပေါ်မှမြင်နေရသော
ပြာလဲ့လဲ့ ဧရာမရေကန်ကြီး၏ အလှသည်လည်း
ရှုမငြီးနိုင်သော သဘာဝပန်းချီကားတစ်ချပ်နှယ်
ရှိ၏။
     ကြီးမားလွန်းသောရေကန်ကြီးအတွင်း၌
သဘာဝက ထပ်မံအလှဆင်ထားသောရေလယ်
ကျွန်းစိမ်းစိမ်းလေးများကလည်း ရှုမငြီးစေသော
ရေကန်အလှကို ပိုမိုပံ့ပိုးနေသယောင်ပင်။

     တစ်ဖက်ကမ်းကိုပင်မှုံပြပြသာမြင်ရသော
ထိုရေကန်ကြီးကို အပေါ်စီးမှမြင်ရသူတိုင်း ဝမ်း
နည်းသလိုလို၊ ကြည်နူးသလိုလို၊ ကြောက်ရွံ့
သလိုလို ထူးခြားသည့် ခံစားချက်များကို
ခံစားရလေ့ရှိသည်။
     ရေပြင်ကိုရှပ်ပြေးတိုက်ခတ်လာသော လေနု
အေးတို့က ဘုရားဖူးတို့၏ စိတ်နှလုံးကို ချမ်း
မြေ့စေပြီး လေနုအေးနှင့်စေတီရှိ ဆည်းလည်း
သံလေးများ၏ ပေါင်းစပ်ကျီစားမှုကြောင့် ဘဝ
အမောတို့သည် ခဏတာမေ့ပျောက်သွားသ
လိုပင်။
     နံနက်ပိုင်းအချိန်သာရှိသေးပြီး ရင်ပြင်
အောက်ဖက် ကုန်းလျှောတလျှောက်ပေါက်
ရောက်နေသောသစ်ပင်ကြီးငယ်တို့မှ ကျေးငှက်
တို့၏ ကျီကျီကျာကျာအော်မြည်သံလေးများမှာ
လည်းတစ်မူထူးခြားစွာ နားဝင်ချိုနေသယောင်
ပင်။
     ရန်ကုန်မြို့တွင်း၌ပင်ဖြစ်သော်လည်း မြို့
လယ်နှင့်ဝေးသဖြင့် မြို့ပြ၏ အသွင်အပြင်
နည်းပါးလှပြီး ကားသံစက်သံတို့ အတန်ငယ်
ရှင်းလင်းနေသည်ကပင် စိတ်ကြည်နူးစရာ
အခြေအနေတစ်ခုဖြစ်၍နေပြန်သည်။

     ၄ယောက်စလုံး ဘုရားဝတ်ပြု ရှိခိုးခြင်းကိစ္စ
ပြီးခဲ့ပြီဖြစ်သည်။ ရှိုင်းနေနှင့် မေရန်ငြိမ်းက
ရေကန်စပ်သို့ဆင်းသွားကြကာ ငါးစာကျွေး
နှင့်ကြပြီဖြစ်ပြီး ဒေဝီကတော့ ငှက်ရောင်းသော
စျေးသည်ကလေးများ ၊ ငါးရောင်းသောစျေး
သည်ကလေးတစ်အုပ်နှင့် အလုပ်ရှုပ်နေချေ၏။
     သူမ၏ အကျင့်က ကလေးများစုပြုံ၍ သူမ
အားစျေးဝိုင်းရောင်းကြလျှင် ကလေးအားလုံးထံ
မှ သာတူညီမျှ ဝယ်ယူလေ့ရှိသဖြင့် ၁၀ယောက်
ခန့်လောက်ရှိသော ကလေးအုပ်ကိုကြည့်ရင်း
ကျွန်တော်ပြုံးနေမိသည်။ သူ့ထက်ငါ ငါးများ
ငှက်များကို အပြိုင်ရောင်းနေကြသော ကလေး
များကြား၌ ဒေဝီ စိတ်ရှုပ်နေပုံမပေါ်ဘဲ ပြုံး၍
သာရှိနေ၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now