Part 33

3.4K 296 1
                                    

Unicode
Chapter 33: ရုတ်တရက်တိုက်ခတ်လာသော မုန်တိုင်း

ယွီယောင်သည် သူ့အား စိတ်မနှံ့သူဟု သံသယဝင်မည့်နေ့တစ်နေ့ ရှိလာလိမ့်မည်ဟု ယွီကျွယ် မထင်ထားခဲ့ပေ။

သူသည် ငိုရမလားရယ်ရမလား မသိသောကြောင့် ပြောလိုက်သည်။ “မင်း ဘာမဟုတ်တာတွေ ပြောနေတာလဲ။ ယွီဝမ့်အပေါ် ငါ့သဘောထားက ဘယ်လိုထူးဆန်းနေလို့လဲ”

ယွီယောင်သည် သူမ အတွေးလွန်နေသည်ဟု မထင်ခဲ့ပေ။ “ယွီဝမ်က ရှင့်ရဲ့အချစ်ဆုံးညီမလေး မဟုတ်ဘူးလား။ ရှင်က ကျွန်မကို တကယ်ပိုက်ဆံပေးချင်ပေမယ့် သူ့ကိုတော့ မဟုတ်ဘူးလား။ ဪ ဟုတ်သား။ ရှိုးပွဲအတွက် ဘာလို့ယွီဝမ်ကို မသုံးတာလဲ”

ယွီယောင်၏သံသယဖြစ်နေသော အမူအရာအား ရင်ဆိုင်လိုက်ရသောအခါ ယွီကျွယ်မှာ အချိန်ခဏကြာ တွေးလိုက်ကာ သက်ပြင်းချခဲ့သည်။ “အစ်ကိုကြီးနဲ့အစ်ကိုလတ်က မင်းကို မသိစေချင်ပေမယ့် ငါထင်တာကတော့ မင်းက တော်တာကြောင့် မင်းကိုပြောရင် ပြဿနာမရှိလောက်ဘူးထင်တယ်”

ယွီယောင်မှာ စိတ်ရှုပ်ထွေးသွားခဲ့သည်။ “ဘာတွေဖြစ်နေတာလဲ။ ဘာလို့ အရမ်းလျှို့ဝှက်ဆန်းကြယ် နေရတာလဲ”

“ယွီဝမ်က လက်ခံလို့မရတဲ့သူမှန်း ငါတို့ဟိုတလောကမှ သိလိုက်ရတယ်။ သူ့ကြောင့် မင်းလည်း တော်တော် ခံစားခဲ့ရမှာပဲ”

သူသည် ဆိုဖာပေါ်မှ ခြေချိတ်ထိုင်နေသော ယွီယောင်အား သနားစရာကောင်းစွာ ကြည့်လိုက်သည်။ သို့သော် သူသည် ပန်းတစ်ပွင့်နှင့်တူသော မိန်းကလေးအား ကြည့်နေသည်သာမက လူငယ်ဆန်ဆန် လှပသောမျက်နှာဖြင့် နုပျို၍ရင့်ကျက်နေသော ညီမငယ်အားလည်း ကြည့်နေခဲ့ပါသည်။

“အရင်တုန်းက သူက ဒီတိုင်း မင်းနဲ့ဆက်ဆံရေးမကောင်းဘူးလို့ ငါတို့ထင်ခဲ့တာ။ မင်းရဲ့နောက်ကွယ်မှာ မင်းမကောင်းကြောင်းကို ပြောပြီး မိန်းမပျိုလေးတစ်ယောက်လို ဟန်ဆောင်နေတာ။ ဒါပေမယ့် နောက်ကျတော့ ငါတို့ သိလိုက်တာက သူလည်း မကောင်းတာတွေ တော်တော်လုပ်ထားတာပဲ။ သူက ငါတို့ကို လိမ်နေသလောက် မရိုးသားဘူး”

သူ၏အရင်ဘဝတွင် ယွီမိသားစုမှာ ကျဆင်းသွားပြီးနောက် ယွီဝမ်၏ရက်စက်ကြမ်းကြုတ်မှုနှင့် ဟန်ဆောင်မှုတို့အား သူတို့ အစစ်အမှန် မြင်ခဲ့ရကြောင်း ယွီကျွယ်ပြန်၍ မှတ်မိခဲ့သည်။ သူသည် နောင်တရသော်လည်း ဝမ်းသာသောကြောင့် ပြောခဲ့သည်။ “တကယ်တော့ ငါတို့ယွီဝမ်ကို ချက်ချင်းဖမ်းဖို့ ငါအရင်က အကြံပေးလိုက်ပေမယ့် သူ့မှာ အားကောင်းတဲ့ကျောထောက်နောက်ခံ ရှိနေတယ်လေ။ အစ်ကိုကြီးနဲ့အစ်ကိုလတ်က သူ့ကို ယွီမိသားစုမှာ ထားတာက ပိုပြီးအသုံးဝင်မယ်လို့ ထင်ကြတယ်”

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Où les histoires vivent. Découvrez maintenant