Chapter 121: သူတို့၏မိဘများ ပြန်ရောက်လာခြင်း
ချန်းလင်သည် လှပ၍နူးညံ့ကာ စိတ်ထိခိုက်လွယ်သော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမသည် အသက်၅၀ကျော် ဖြစ်သော်လည်း သူမ၏အပြစ်ကင်းသော သဘာဝအား ထိန်းသိမ်းထားဆဲ ဖြစ်သည်။
သူမသည် ပြင်းထန်သော စိတ်ခံစားချက်များရှိကာ သူမ၏ကလေးများအတွက် ချစ်ခြင်းမေတ္တာနှင့် ပြည့်နေခဲ့သည်။ ထို့ပြင် ယွီယောင်သည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ပျောက်ဆုံးနေခဲ့သောကြောင့် ချန်းလင်သည် သူမအပေါ်ပို၍ပင် အပြစ်ရှိသကဲ့သို့ ခံစားနေခဲ့သည်။ ထို့ကြောင့် ယွီယောင်အား ရှာတွေ့ပြီးသည့်နောက် သူမသည် မည်သည့်အဟန့်အတားမျှမရှိဘဲ သူမအားလက်ခံသည့် ပထမဆုံးလူသာဖြစ်သည်။ ယွီယောင်နှင့် ဗီဒီယိုမှတစ်ဆင့် စကားပြောသည့်အချိန်တိုင်း သူမဖုန်းမချခင် အချိန်အကြာကြီး စကားပြောနေလိမ့်မည်။
ယွီယောင်သည် ပုံမှန်အားဖြင့် သူမအပေါ် ကြင်နာမှုပြည့်ဝနေသောလူအား ကြိုက်နှစ်သက်သည်။ သို့သော် သူမသည် ချန်းလင်၏သမီးအရင်း လုံးဝမဟုတ်သည်ကို သူမသိနေခဲ့သည်။ သူမသည် သူမ၏သမီးအရင်းခန္ဓာကိုယ်ကိုသာ ပိုင်ဆိုင်ထားခဲ့သော အပြင်လူတစ်ယောက်သာဖြစ်နေခဲ့သည်။
ထို့ကြောင့် ချန်းလင်သည် ယွီယောင်အတွက် သူမ၏ချစ်ခြင်းမေတ္တာအား ပို၍ဖော်ပြလေလေ သူမသည်အပြစ်တင်စိတ်များ ပို၍ခံစားရလေလေဖြစ်သည်။
ချန်းလင်သည် နိုင်ငံသို့ပြန်သွားရန်ဆုံးဖြတ်ပြီးသည်ကို သိရှိပြီးနောက် ယွီယောင်သည် သူမအားမည်ကဲ့သို့ ရင်ဆိုင်ရမည်ကို မသိခဲ့ပေ။
ယွီဟန်နှင့်ယွီလန် နှစ်ယောက်လုံးမှာ ယွီယောင်၏စိတ်မသက်မသာဖြစ်မှုအား သတိပြုမိခဲ့ကြသော်လည်း ယွီယောင်သည် ယွီဟုန်နှင့်ချန်းလင်တို့နှင့် မရင်းနှီးသည်ဟု ခံစားရသောကြောင့်သာဖြစ်သည်ဟု သူတို့ထင်ခဲ့ကြသည်။ နှစ်ပတ်တစ်ကြိမ် ဗီဒီယိုဖုန်းခေါ်ဆိုမှုများမှလွဲ၍ ယွီယောင်သည် သူမ၏မိဘအရင်းများနှင့် တစ်ခါမျှ အချိန်မဖြုန်းခဲ့ဘူးပေ။
ယွီဟန်သည် ယွီယောင်၏ပခုံးအား နှစ်သိမ့်သည့်အနေနှင့် ပုတ်လိုက်သည်။ "စိတ်မပူနဲ့ ယောင်ယောင်။ အမေကနင့်ကိုအချစ်ဆုံးပဲ။ နင်သူနဲ့ စကားပြောတဲ့ပုံစံကို နေသားကျနေသရွေ့ အဆင်ပြေပါတယ်။ အဖေ့အတွက်ကတော့ သူကအမေ့ရဲ့ဆန္ဒတွေကိုပဲ အမြဲဖြည့်ဆည်းပေးနေခဲ့တာ။ နင်အမေ့ကိုပျော်အောင် လုပ်နိုင်သရွေ့ သူလည်းနင့်ကို သဘောကျမှာပါ"
![](https://img.wattpad.com/cover/332350610-288-k556557.jpg)
YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...