အခန်း (၁၂၇)

1.4K 232 2
                                    

Unicode

"ယဲဖန် မင်းကြိုက်တဲ့ နတ်သမီးကာတွန်းကား လာတော့မယ်၊ မင်းကြည့်ချင်လား" ပိုင်ယွင်ရှီက လက်ပိုက်လျက် အေးအေးဆေးဆေးမေးလိုက်သည်။
ချိုက်ကျန်ကျွင်း "....." သခင်လေးပိုင် ဒီလို အခြေအနေမျိုးမှာ ပြောလိုက်တာက တကယ်ရော သင့်တော်လို့လား။
ယဲဖန် မျက်လုံးများက တောက်ပသွားပြီး ချက်ချင်းမတ်တပ်ရပ်လိုက်ကာ "အား၊ ငါမေ့တော့မလို့၊ ငါ တီဗီကြည့်လိုက်အုံးမယ်၊ မင်းနဲ့နောက်မှ စကားဆက်ပြောမယ်နော်၊ အခုချိန်တိုက်ရိုက်ပြသတာကို လွတ်သွားခဲ့ရင် မနက်ဖန်မှ ပြန်လည်ထုတ်လွှင့်တာကိုပဲ ကြည့်ရတော့မှာ"
တကယ်တော့ ယဲဖန်လဲ သူ့စိတ်ထဲတွင် ထူးဆန်းနေသလို ခံစားလိုက်ရသည်။ ယွင်ရှီက သူကာတွန်းကားကြည့်တာကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပေမဲ့ ဒီတစ်ကြိမ်တွင်တော့ သူက သူ့အား ကြည့်ဖို့ အရင်ဆုံးစပြောလာခဲ့ပေသည်။ ဒါက ရှားရှားပါးပါးအခွင့်အရေးတစ်ခုဖြစ်ကြောင်း တွေးမိလိုက်တော့ ယဲဖန်က သူ့သံသယများကို ချက်ချင်းပင် နောက်ပို့လိုက်ပြီး သူ့အပေါ် ယွင်ရှီ၏ဂရုစိုက်မှုလို့သာ ယူဆလိုက်တော့သည်။
ယဲဖန်က မတ်တပ်ရပ်ပြီး ထွက်သွားသည်ကို မြင်တော့ ချိုက်ကျန်ကျွင်း၏ပါးစပ်ထောင့်များက တွန့်သွားကာ ဟုတ်အန်းအတွက် သူ၏မရှိတဲ့ စာနာမှုမျက်ရည်များအား တိတ်တဆိတ် သုတ်ပေးလိုက်သည်။
ပိုင်ယွင်ရှီက မျက်လုံးလှိမ့်လိုက်ပြီး တွေးနေမိ၏ 'ယဲဖန် အရူးကောင်၊ ဒီအသက်အရွယ်ရောက်နေပြီကို ကာတွန်းကားကို ကြည့်ရတာ ကြိုက်နေသေးတယ်'
"သခင်လေး ပိုင် ....." ချိုက်ကျန်ကျွင်းက ခြောက်ကပ်စွာ ခေါ်လိုက်သည်။
ယဲဖန် ထွက်သွားတော့ သူတို့သုံးယောက်သာ ကျန်ခဲ့တော့သည်။
ပိုင်ယွင်ရှီ၏အေးစက်သည့် မျက်လုံးများကို ရင်ဆိုင်လိုက်ရတော့ ချိုက်ကျန်ကျွင်းသည် သူ့စိတ်ထဲတွင် ကြက်သီးမွေးညင်းများထလာတော့သည်။ ဒီမှာ ယဲဖန်ရှိတုန်းကကျတော့ ယဲဖန့်စကားများက သူ့အားအမြဲတမ်း စိတ်ဓါတ်ကျစေခဲ့သည်။ ဒါပေမဲ့ ယဲဖန် ထွက်သွားပြီးနောက်မှာတော့ သူ့ကောင်းကွက်များကို စတင် လွမ်းဆွတ်လာခဲ့တော့၏။ ချိုက်ကျန်ကျွင်းက သူ့စိတ်ထဲ အော်ပြောနေခဲ့တော့သည် 'သခင်လေးယဲ အမြန်ပြန်လာပါတော့၊ ငါ မင်းကို နောက်တစ်ခါ ဘယ်တော့မှ မညည်းညူးတော့ပါဘူးကွာ'
"ရှေးဟောင်းသိုင်းပညာလောကမှာ စည်းကမ်းတစ်ခု ရှိတယ်၊ မင်းသိလား မသိလားတော့ ငါ မသိဘူး၊ ရှေးဟောင်းသိုင်းပညာကျင့်ကြံသူက တစ်ယောက်ယောက်ကို သတ်ဖို့ ကြိုးစားတဲ့အခါ တစ်ခြားကျင့်ကြံသူတစ်ယောက်က သူ့ကို ကူညီလိုက်မယ်ဆိုရင် လှုံဆော်မှုတစ်ခုအဖြစ် မှတ်ယူလို့ရတယ်၊ အရင်တုန်းက ယဲဖန်က ရှေးဟောင်းသိုင်းပညာမိသားစုကြီးလေးစုထဲက ယန်မိသားစုကို စော်ကားခဲ့ပြီးပြီ။ ရိုးရိုးသားသားပြောရရင် ငါ သူ့ကို အချိန်တိုလေးအတွင်းမှာတင် ရန်သူအများကြီး မဖွဲ့စေချင်ဘူး" ပိုင်ယွင်ရှီက သူ့မေးစေ့ကို ကိုင်ကာ သာမာန်ဆန်ဆန်ပြောလိုက်၏။
ချိုက်ကျန်ကျွင်း "....." ၁၀၀ မီလီယံက တစ်ယောက်ယောက်၏ရောဂါကို ကုသဖို့ ယဲဖန်အတွက် လုံလောက်ပေမဲ့ ရှေးဟောင်းသိုင်းပညာအဖွဲ့အစည်းတစ်ချို့၏ ရန်သူဖြစ်ဖို့ဆိုရင်တော့ မလုံလောက်ဘူးပဲ။
ဟုတ်အန်း "သခင်လေးပိုင် ကျေးဇူးပြုပြီး သခင်လေးယဲကို ကယ်တင်ခွင့်ပြုပေးလိုက်ပါနော်၊ မင်းရဲ့ ကြင်နာမှုတွေကို သတိရနေမှာပါ"
ချိုက်ကျန်ကျွင်းကလဲ ပိုင်ယွင်ရှီကို ကြည့်လိုက်ပြီး "သခင်လေးပိုင် သူသေမှာကို မင်းလက်ပိုက်ပြီးတော့ ကြည့်မနေပါနဲ့"
ထို့နောက် ချိုက်ကျန်ကျွင်းသည် 'သခင်လေးယဲသာ ဒီမှာ ရှိခဲ့ရင် ပိုက်ဆံထပ်ထည့်လိုက်ပြီး ပြဿနာကို ဖြေရှင်းနိုင်မှာပဲ' ဟု တွေးနေမိခဲ့သည်။
"ပရိယာယ်မာယာတွေအတွက်ဆို ဒီမှာ အခန်းမရှိဘူး၊ ဒါပေမဲ့ သခင်လေးဟုတ် မင်းစော်ကားခဲ့တဲ့လူက ဘယ်သူလဲဆိုတာ ပြောပြနိုင်မလား၊ ဒါမှ ယဲဖန်ဝင်ပါဖို့အတွက် သင့်တော်ရဲ့လားဆိုတာ ငါ ကြည့်ပေးလို့ရမှာ" ပိုင်ယွင်ရှီက ပြောလိုက်သည်။
ထို့နောက် 'ဟုတ်အန်းသာ တစ်ယောက်ယောက်ကို ခိုင်မာတဲ့ အကြောင်းအရင်းကြောင့် စော်ကားခဲ့တာဆိုရင် ချင့်ချိန်စဥ်းစားရပေလိမ့်မယ်၊ ယဲဖန်က အရည်အချင်းရှိပေမဲ့ လက်သီးနှစ်လုံးက လက်လေးဖက်ကို မယှဥ်ပြိုင်ဘူးလေ၊ ဟွာရှတိုက်ကြီးပေါ်မှာက အရည်အချင်းရှိတဲ့လူတွေ အများကြီးပဲ ရှိတယ်' ဟု တွေးနေမိ၏။
ထိုစကားကို ကြားတော့ ဟုတ်အန်းက ကိုးရိုးကားရားဖြစ်သွားပြီး "သူမနောက်ခံကိုတော့ မသိဘူး၊ သူမက အတော်လေး လှတာကြောင့် ထမင်းတစ်နပ်အတူတူစားဖို့ ဖိတ်ဖို့ သွားခဲ့တာကို သူမက ဘာမှမပြောဘဲနဲ့ လက်သီးတစ်ချက် ထိုးသွင်းလိုက်တော့တာပါပဲ"
ထိုအချိန်တုန်းက ဟုတ်အန်းသည် ထိုလက်သီးချက်အား သိပ်ဂရုမစိုက်ခဲ့ပေ။ လက်သီးချက်က တကယ့်ကို ကြမ်းတမ်းလှတာကြောင့် ထိုအမျိုးသမီးက ကရာတေးသင်ယူထားတယ်လို့သာ သူက တွေးခဲ့လေသည်။
နောက်တစ်နေ့တွင်တော့ ဟုတ်အန်းက သူ့ကိုယ်သူ မြုံသွားပြီဖြစ်ကြောင်း ရှာတွေ့သွားခဲ့တော့သည်။ ၎င်းက ထိုအချိန်က အမျိုးသမီးကြောင့် ဖြစ်မယ်လို့ မထင်ထားခဲ့မိပေ။ ထို့နောက် ပြဿနာက ပိုပိုပြီး အလေးအနက် ဖြစ်လာခဲ့တော့သည်။ ဒါကြောင့် ထိုလက်သီးချက်ကြောင့် ဖြစ်လိမ့်မည်လို့ သူက ထင်လိုက်တော့သည်။ ဒါပေမဲ့ ဒီလို နှိမ့်ချသည့်အရာများအတွက် သူက ဘယ်သူ့ကိုမှမပြောပြနိုင်ခဲ့ပေ။
ရက်တစ်ချို့ကြာပြီးနောက် ဟုတ်အန်းသည် သူ့အခြေအနေက ပိုပိုပြီးဆိုးရွားလာကြောင်း တွေ့ရှိခဲ့ရသည်။ သူက ထိုအမျိုးသမီး၏နောက်ခံကို စုံစမ်းရန် စုံထောက်အေဂျင်စီတစ်ခုနှင့် တိတ်တဆိတ် ရှာခိုင်းခဲ့ပေမဲ့ ဘာတစ်ခုမှ ရှာမတွေ့ခဲ့ပေ။
ပိုင်ယွင်ရှီသည် ဟုတ်အန်းကို ဆွံအစွာ ကြည့်လိုက်ပြီး "သခင်လေးဟုတ် မင်းနဲ့ အမျိုးသမီးကြယ်ပွင့်တွေရဲ့ အတင်းအဖျင်းတွေက ထားလိုက်ပါတော့၊ အခုကျတော့ မင်းက ရှေးဟောင်းသိုင်းပညာကျင့်ကြံသူ အမျိုးသမီးတစ်ယောက်ကို ကလူဖို့တောင် ကြိုးစားနေပြီပဲ၊ အထင်ကြီးလောက်စရာပါပဲ"
ဟုတ်အန်းက အလျင်အမြန်ဖြင့် "ကျွန်တော်က ညစာဖိတ်ကျွေးဖို့ပဲ ရည်ရွယ်ထားတာပါ"
အဲ့ဒီအမျိုးသမီးက ရှေးဟောင်းသိုင်းပညာကျင့်ကြံသူဖြစ်လိမ့်မယ်လို့ သူက ဘယ်လိုလုပ်ပြီး သိမှာတုန်း။ သူသာ ကြိုသိခဲ့ရင် အဲ့ဒီလို ပြုလုပ်ဖို့ သတ္တိတောင်ရှိမှာ မဟုတ်ဘူး။
ပိုင်ယွင်ရှီ "....." သူသည် ဒီဟုတ်အန်းအကြောင်း အနည်းနဲ့အများတော့ သိပေသည်။ သူက ပလေးဘွိုင်းတစ်ဦးဖြစ်ပေမဲ့ အရမ်းအဝေးကြီးတော့ မသွားပေ။ သူက ကောင်မလေးတွေ မကြာခဏပြောင်းလဲတတ်သော်လည်း လမ်းခွဲကြေးတွင်တော့ သဘောထားအရမ်းကြီးလှပေသည်။ ဒါက အခြေခံအားဖြင့် နှစ်ဦးသဘောတူ အပေးအယူမျိုးပင် ဖြစ်သည်။
ယဲဖန်က အပေါ်ထပ်ကနေပြီး ခေါင်းငုံ့လျက်ဖြင့် "ယွင်ရှီ သူတို့တွေက အချိန်ရွှေ့ထားတယ်တဲ့၊ ဒီနေ့ ဘာမှမလာတော့ဘူး"
ပိုင်ယွင်ရှီ "....."
ထိုအချိန်တွင် ချိုက်ကျန်ကျွင်းက အလျင်အမြန်ဖြင့် "သခင်လေးယဲ ကာတွန်းကားမကြည့်တော့ဘူးဆိုလဲ အောက်ကို မြန်မြန်ဆင်းလာခဲ့ပါအုံး" မင်းသာ ဆင်းမလာတော့ဘူးဆို သခင်လေးပိုင်က ငါတို့တွေကို အေးခဲပစ်တော့မယ်ကွ။
အစက ချိုက်ကျန်ကျွင်းသည် သခင်လေးယဲက ပေါင်းသင်းရခက်တယ်လို့ ထင်ထားခဲ့သော်လည်း သခင်လေးပိုင်နှင့် နှိုင်းယှဥ်ရလျှင် သူက အများကြီး ပိုမိုကောင်းမွန်ပေသည်။
သူပြောတာကို ကြားတော့ ယဲဖန်သည် မှုန်ကုပ်နေသော မျက်နှာဖြင့် ဆင်းလာခဲ့ပြီး "သူတို့တွေက ဒီလိုမျိုးဆက်လုပ်နေအုံးမယ်ဆို ငါ ဇာတ်ညွှန်းရေးဆရာနဲ့ ထုတ်လုပ်သူတွေကို ဖမ်း၊ အခန်းသေးသေးလေးထဲမှာ သော့ခတ်ပိတ်ထားပြီး ထမင်းတစ်နပ်ကို အပိုင်းတစ်ပိုင်းနှုန်းနဲ့ ထုတ်လွှင့်ခိုင်းပြလိုက်မယ်"
ချိုက်ကျန်ကျွင်း "....." ယဲဖန်လို ပရိတ်သတ်တစ်ဦးရှိတာက အရမ်း ကြောက်ဖို့ကောင်းတာပဲ။
ပိုင်ယွင်ရှီရှေ့မှောက်တွင် ဟုတ်အန်းသည် သူ့အား ကျော်ပြီး ယဲဖန်နှင့် ကုသမှုအကြောင်းကို မပြောရဲတာကြောင့် သူက အတော်လေးကို စိတ်သောကရောက်နေခဲ့ပေသည်။
ထိုနှစ်ယောက်နှင့် စကားပြောဆိုပြီးနောက် ပိုင်ယွင်ရှီသည် သူတို့အား ထွက်သွားခိုင်းခဲ့တော့သည်။
ရွေးချယ်စရာမရှိတော့တာကြောင့် ချိုက်ကျန်ကျွင်းနှင့် ဟုတ်အန်းတို့လည်း ထွက်သွားခဲ့ကြတော့သည်။
.......
"အကိုကျွင်း ငါ ဘာလုပ်သင့်လဲ၊ သခင်လေးယဲက ငါ အသက်ရှင်ဖို့ ငါးနှစ်၊ ခြောက်နှစ်လောက်ပဲ ကျန်တော့တယ်လို့ ပြောနေခဲ့တာ" ဟုတ်အန်းသည် ဝမ်းနည်းနေသော မျက်နှာဖြင့် ငိုကြွေးနေခဲ့သည်။
သူ့ကို တစ်ချက်အကဲခတ်ကြည့်လိုက်ပြီး ချိုက်ကျန်ကျွင်းက ခံစားချက်များဖြင့် "အချစ်ကုန်းမြေက သူရဲကောင်းတွေရဲ့ ဂူသင်္ချိုင်းပဲလို့ ပြောနေကြတာ မှန်တာပဲ" ဟု ပြောလိုက်သည်။
သူပြောတာကို ကြားတော့ ဟုတ်အန်းသည် သွေးအန်ထွက်လာဖို့ လှုံဆော်မှုတစ်ခုသာ ကျန်ရှိနေတော့သည်။ ယဲဖန်နှင့် ပိုင်ယွင်ရှီတို့ ပြောတုန်းက သူသည် ၎င်းအား သည်းခံနိုင်ခဲ့သော်လည်း ယခု ချိုက်ကျန်ကျွင်းကတောင် ပြောလာပြီတဲ့လား "အကိုကျွင်း ငါ့ကို ဟာသတွေလုပ်မနေပါနဲ့တော့၊ အဲ့ဒီအမျိုးသမီးက အရမ်းရက်စက်တယ်၊ သူမက သိသိသာသာကို ငါ့ရဲ့အချစ်ကုန်းမြေမဟုတ်ဘူး"
ချိုက်ကျန်ကျွင်း "....."
"အကိုကျွင်း အခု ငါ ဘာလုပ်သင့်လဲ" ဟုတ်အန်းက မေးလိုက်၏။
"နည်းလမ်းတစ်မျိုးပဲ ရှိတော့တယ်၊ ဒါက မင်းဆန္ဒရှိလား မရှိလားအပေါ်ပဲ မူတည်တယ်" ချိုက်ကျန်ကျွင်းက ပြောလိုက်သည်။
ဟုတ်အန်းက သူ့ဘက် လှည့်ကြည့်လာပြီး "အဲ့ဒါက ဘာလဲ"
"ပိုက်ဆံကိုသုံးလိုက်၊ မင်းသာ ပိုက်ဆံသုံးဖို့ ဆန္ဒရှိနေသရွေ့ ပိုင်ယွင်ရှီက သဘောမတူရင်တောင် ယဲဖန်ကတော့ သဘောတူလိမ့်မယ်" ချိုက်ကျန်ကျွင်းက ပြောလိုက်၏။
"ဒါဆို ငါ ဘယ်လောက် ပမာဏလောက် သုံးသင့်လဲ" ဟုတ်အန်းက မေးလိုက်၏။
ချိုက်ကျန်ကျွင်းက ပခုံးတွန့်ပြလိုက်ပြီး "မသိဘူး၊ ပြီးခဲ့တဲ့တခေါက်တုန်းကတော့ ငါ့အကိုကြီးက အဲ့ဒီအပေါ်မှာ ၃၀၀ မီလီယံကုန်ကျခဲ့ပြီး ထူးဆန်းတဲ့ပစ္စည်းတစ်မျိုးပါ ပေးလိုက်ရတယ်၊ သခင်လေးပိုင်နဲ့ သခင်လေးယဲတို့က စေ့စပ်ထားတာဆိုတော့ အခု သူက စျေးပိုကြီးသွားလောက်လိမ့်မယ်"
ဟုတ်အန်း "....."
.......
"ယွင်ရှီ ငါ့ကို ဒီအမှာစာ မယူစေချင်ဘူးလား" ယဲဖန်က မေးလိုက်၏။
ပိုင်ယွင်ရှီက ခေါင်းခါလိုက်ပြီး "ဟင့်အင်း၊ အဲ့ဒီလို မျိုးမဟုတ်ပါဘူး၊ ဒါက ဘယ်သူလုပ်ခဲ့တာလဲ သိချင်လို့လေ၊ ဒါမှ စျေးနှုန်း တွက်ချက်လို့ရမှာပေါ့၊ ဘာပဲဖြစ်ဖြစ် သူက အချိန်တိုလေးနဲ့ မသေနိုင်ပါဘူး၊ ဒါကြောင့် ကြန့်ကြာနေလဲ ပြဿနာမရှိဘူးလေ၊ မင်း သူ့ကို အချိန်တိုလေးနဲ့ ကုသပေးလိုက်မယ်ဆိုရင် သူက မင်းရဲ့ ကြင်နာမှုကို မှတ်မိနေမှာ မဟုတ်ဘူး" ဒီကမ္ဘာပေါ်ရှိ လူများက အမြဲတမ်း စျေးပေါကြပေသည်။ သူတို့တွေက အလွယ်တကူ ရသည့်အရာများကို တန်ဖိုးမထားတတ်ကြပေ။
ယဲဖန်က မျက်တောင်ခတ်လိုက်ပြီး "ကောင်းပြီလေ"
"မင်း သူ့ပြဿနာကို ဖြေရှင်းနိုင်လား" ပိုင်ယွင်ရှီက မေးလိုက်သည်။
ယဲဖန်က ခေါင်းငြိမ့်လိုက်ပြီး "အွန်း၊ သူ့မာရီဒန်တွေကို အတူတကွ ချိတ်ဆက်ပေးပြီး သူ့ခန္ဓာကိုယ်ထဲက လိုအပ်တဲ့ စွမ်းအားတွေကို ကိုယ့်အနှံ့ ပျံ့နှံ့သွားအောင်လုပ်ဖို့ပဲ လိုအပ်တာ၊ သူ့အခြေအနေက တကယ်တော့ မုလျန်ဖင်နဲ့ ဆင်တူပေမဲ့ သူ့လက္ခဏာတွေကတော့ နည်းနည်းလေး ပေါ့ပါတယ်၊ ဒါပေမဲ့ သူက သိုင်းပညာကျင့်ကြံသူတစ်ယောက် မဟုတ်တာကြောင့် ပြသနေတဲ့ လက္ခဏာတွေက ပိုပြီးတော့ လေးနက်နေတာလေ၊ အခု ငါ့လက်ထဲမှာက မာရီဒန်ချိတ်ဆက်ဆေးလုံး မရှိတော့ဘူး၊ သူ့ကို ကယ်ချင်တယ်ဆိုရင် ပြန်ပြီးသန့်စင်ရလိမ့်မယ်၊ ပြီးတော့ အဲ့ဒါက နည်းနည်းလောက် စိတ်အနှောင့်အယှက်ပေးရုံလေးပါပဲ"
ပိုင်ယွင်ရှီက ခေါင်းငြိမ့်လိုက်ပြီး "ငါသိပြီ"
မာရီဒန်ချိတ်ဆက်ဆေးလုံးအတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများက မရိုးရှင်းပေ။ ဟုတ်မိသားစုက ချမ်းသာတယ်ဆိုပေမဲ့ ပါဝင်ပစ္စည်းအားလုံးကို ရရှိဖို့ကတော့ မလွယ်ကူပေ။ တချို့ဟာတွေဆို ပိုက်ဆံနဲ့တောင် ဝယ်ယူလို့မရနိုင်ပေ။
"အရင်ဆုံး သူတို့တွေကို လွတ်ပေးထားလိုက်၊ အဲ့ဒီအမျိုးသမီးရဲ့နောက်ခံကို ငါရှာတွေ့တဲ့အချိန်ထိ စောင့်လိုက်ကြရအောင်" ပိုင်ယွင်ရီက ပြောလိုက်သည်။
ယဲဖန်က ခေါင်းငြိမ့်လိုက်ပြီး "ကောင်းပြီလေ"
"ဒါနဲ့ မင်း မနက်ဖန်အားလား" ပိုင်ယွင်ရှီက မေးလိုက်သည်။
"အားတယ်လေ၊ ဘာကိစ္စရှိလို့လဲ"
"မကြာသေးမီက ရန်ချွမ်းတက္ကသိုလ်မှာ သင်ကြားရေးအဆောက်အအုံအသစ်တည်ဆောက်ခဲ့တယ်၊ သူတို့တွေ မလုပ်သင့်တဲ့အရာတစ်ခုကို တူးထုတ်ခဲ့တဲ့ပုံပဲ၊ ငါ့အဖိုးက သွားစစ်ဆေးကြည့်လိုက်တော့ သရဲလို့ ပြောခဲ့တယ်၊ ဒါကြောင့် သူက မင်းကို တစ်ချက်လောက် လာကြည့်စေချင်နေတာ" ပိုင်ယွင်ရှီက ဆိုလိုက်၏။
တက္ကသိုလ်များကို အကြောင်းအရင်းနှစ်ချက်ကြောင့် သင်္ချိုင်းပေါ်တွင် တည်ဆောက်ခဲ့ကြသည်။ ပထမတစ်ချက်က မြေစျေးပေါသောကြောင့် ဖြစ်ပြီး နောက်တစ်ချက်က ကျောင်းသားမြောက်များစွာ ရှိတာကြောင့် ယင်ဓါတ်များကို ဖိနှိပ်နိုင်ခြင်းကြောင့်ပင် ဖြစ်ပေသည်။ သင်္ချိုင်းမြေက သင်္ချိုင်းမြေသာ ဖြစ်ပြီး ကျောင်းသားတစ်ချို့ အခြောက်ခံရတယ်ဆိုတဲ့ သတင်းများလဲ မကြာခဏ ပေါ်ပေါက်လာလေ့ရှိပေသည်။
ယဲဖန်က စိတ်ရှုပ်ထွေးစွာ မေးလိုက်၏ "မင်းအဖိုးက ဘာလို့ အဲ့ဒီလိုနေရာကို သွားရတာလဲ"
"ဒါက အားလုံးက မင်းအပြစ်တွေလေ" ပိုင်ယွင်ရှီက ပြောလိုက်သည်။
ယဲဖန် "ဘာလို့ ငါလဲ၊ ငါ ဘာလုပ်ခဲ့လို့လဲ"
"မင်းရဲ့ မင်္ဂလာခန်းဝင်ပစ္စည်းတွေထဲမှာ ခုခံကာကွယ်ရေး ကျောက်စိမ်းဆွဲသီးတွေ ပါတယ်လေ၊ အချိန်တိုလေးအတွင်းမှာ ဝယ်လက်အများကြီးကို ရှာဖွေဖို့က မဖြစ်နိုင်ဘူး၊ ဒါကြောင့် သူက ငါတို့တွေကို တစ်ယောက်တစ်ခုစီ ပေးပစ်လိုက်တယ်၊ သူက ဒီဆွဲသီးနဲ့ဆို ဘေးကင်းလုံခြုံပြီး ဘယ်နေရာသွားသွား ကိစ္စမရှိဘူးလို့ ထင်နေတာကြောင့် သူက အဲ့ဒီလို အန္တရာယ်များတဲ့ နေရာတွေကို မကြာခဏ ပြေးသွားတတ်တယ်လေ" ပိုင်ယွင်ရှီက ပြောလိုက်၏။
ယဲဖန် "အဖိုးက အသက်ကြီးနေပြီ၊ ဘာလို့ ဒီလို စွန့်စားမှုမျိုးတွေကို ပြုလုပ်နေရသေးတာလဲ၊ သူ သရဲတစ်ကောင် မြင်ခဲ့တာလား"
ပိုင်ယွင်ရှီက ခေါင်းယမ်းလိုက်ပြီး "ဟင့်အင်း၊ ဒါပေမဲ့ ကျောက်စိမ်းဆွဲသီးကနေ အလင်းတန်းတစ်ခု ထွက်ပေါ်လာတာကို မြင်လိုက်တယ်လို့တော့ ပြောတယ်၊ ပြီးတော့ သူ မကောင်းတဲ့အရာတစ်ခုခုကို တွေ့ကြုံနေရတယ်လို့ပါ ပြောသေးတယ်" (ဒီနေရာက မကောင်းတဲ့အရာ တစ်ခုခု ဆိုတာ တရုတ်တွေမှာဆို သရဲတစ္ဆေတွေကို ရည်ညွှန်းပြောဆိုတာပါတဲ့)
"မနက်ဖန် ငါ ဘာမှ လုပ်စရာမရှိဘူး၊ မနက်ဖန် သူ့ဆီသွားစစ်ဆေးကြည့်လိုက်မယ်" ယဲဖန်က ပြောလိုက်သည်။
ပိုင်ယွင်ရှီက ခေါင်းငြိမ့်လိုက်ပြီး "အိုကေ၊ ပြဿနာမလုပ်လာနဲ့၊ ဦးထုပ်တစ်လုံးစောင်းသွား၊ ပြီးတော့ အဲ့ဒီ Bentley ကိုလဲ မောင်းမသွားနဲ့၊ ဟင်းသီးဟင်းရွက်တွေ ဝယ်တဲ့အခါမှာ သုံးတဲ့ ကားကို မောင်းသွား"
ယဲဖန် "....."
.......
နေကာမျက်မှန်တစ်လက်ဖြင့် ယဲဖန်သည် ကျောင်းဝင်းအတွင်းသို့ လျှောက်လာခဲ့သည်။ နေ့လည်ခင်း၌ ကျောင်းဂိတ်တံခါးသို့ သွားလာနေကြသည့် လူများဖြင့် အတော်လေး အသက်ဝင်စည်ကားနေခဲ့ပေသည်။
"သခင်လေးယဲ" ဟုတ်အန်းက သူ့နောက်သို့ အမြန်လိုက်လာခဲ့သည်။
ယဲဖန်က သူ့အား တစ်ချက်ကြည့်လိုက်ပြီး "မင်းပဲ၊ ဘာရှိလို့လဲ"
ဟုတ်အန်းက ကိုးရိုးကားရားပြုံးလိုက်ပြီး "သခင်လေးယဲ ကျွန်တော့်ကို ကယ်ပါအုံး၊ မင်းရဲ့ကြင်နာမှုတွေကို ကျွန်တော်သတိရနေမှာပါ"
"ငါ့ရဲ့ ကြင်နာမှုတွေကို သတိရနေမယ်ဟုတ်လား၊ ဘာအသုံးဝင်နေလို့တုန်း" ယဲဖန်က ခေါင်းယမ်းလိုက်သည်။
ဟုတ်အန်းက ကတ်တစ်ကတ်ကို ထုတ်လာပြီး "သခင်လေးယဲ ဒီကတ်ထဲမှာ ၃၀၀ မီလီယံ ရှိပါတယ်၊ ဒါက ကျွန်တော့်ရဲ့ နောင်နှစ်ပေါင်း၅၀စာအတွက် မုန့်ဖိုးတွေပါ၊ ဒါတွေအကုန်လုံး ကျွန်တော်ပေးမယ်လေ"
"မင်းက အဲ့ဒီလောက် အသက်မရှည်နိုင်ဘူးဆိုမှတော့ ဒီမုန့်ဖိုးတွေအားလုံးကိုလဲ မလိုတော့ဘူးလေ" ယဲဖန်က ပြောလိုက်၏။
ဟုတ်အန်း "မင်းမှန်ပါတယ်၊ သခင်လေးယဲ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါအုံး"
ထို့နောက် ယဲဖန်က ပြောလိုက်သည် "ယွင်ရှီက ငါ့ကို မိုက်မဲတဲ့အရာတွေ မလုပ်ဖို့ ပြောထားတယ်၊ ငါ သူပြောတာ နားထောင်သင့်တယ်"
ဟုတ်အန်း "....." ယဲဖန်က မိန်းမကြောက်တဲ့ လူစားမျိုးပဲ။
ယဲဖန်သည် ရှောက်ချီရုံးခန်းထဲ ဝင်လာတော့ သူ့ကို တွေ့ရမဲ့အစား သူက ပါမောက္ခရှစ်ဝေးကိုသာ တွေ့လိုက်ရသည်။
ပါမောက္ခရှစ်က သူ့ကိုမြင်တော့ အလွန်ပျော်ရွှင်စွာဖြင့် ကြည့်လာခဲ့သည်။
"ပါမောက္ခရှစ် ကျွန်တော့်အဖိုးကို တွေ့သေးလား"
"သူ စာကြည့်တိုက်သွားတယ်"
ယဲဖန်သည် ပါမောက္ခရှစ်ကိုယ်ပေါ်တွင် ကျောက်စိမ်းဆွဲသီးကို တွေ့လိုက်ရတော့ အနည်းငယ် အံ့သြသွားပြီး "ပါမောက္ခရှစ် မင်းမှာလည်း ဒီကျောက်စိမ်းဆွဲသီးရှိတယ်ပေါ့"
"လောင်ရှောက်ဆီမှာဆို အခုတစ်ရာလောက်တောင် ရှိတယ်၊ သူ့ကို ချော့မော့ပြီး ရက်အနည်းငယ်ကြာအောင် စိတ်အနှောင့်အယှက်ပေးလိုက်တော့မှ သူက ငါ့ကို တစ်ခုပေးလိုက်တာလေ"
"အိုး" ယဲဖန်က နားလည်သဘောပေါက်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်တော့သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now