Unicode
" ဖုရှောင်ယွီ၊ မင်းက ဒီထုတ်ကုန်ရဲ့ အသည်းနှလုံးဗဟိုချက်ကို လုံးဝမှ အယုံအကြည် မရှိတာလေ "
အနှီစကားလုံးတွေက ဖုရှောင်ယွီ၏ ရင်ထဲ ကာလရှည်ကြာ ချိုးနှိမ်ထားခဲ့ရသည့် ဒေါသတွေကို ပေါက်ကွဲထွက်လာအောင် အားပေးနေသည့်နှယ်။
" ဘာကိစ္စ ယုံရမှာလဲ "
ဖုရှောင်ယွီက ဆိုသည်။
သူသည် လုပ်ငန်းခွင်အတွင်း အေးစက်မာကြောသည့် စက်ရုပ်တရုပ်လို ဖြစ်နေသည်မှာ ကြာခဲ့ပြီ။ ရုံးခန်းထဲတွင် ရွှီကျားလဲ့နှင့် အပြင်းအထန် ငြင်းခုံခဲ့စဥ်၊ ထိုမှသည် မပြီးပြတ်နိုင်သည့် ပြဿနာကို ပြေလည်အောင် ဆောင်ရွက်ပေးရန်အတွက် ဝမ်းခေါ့ကို ရုံးသို့ လာဖို့ တောင်းဆိုခဲ့စဥ်။ ထိုကဲ့သော အချိန်မျိုးမှာတောင်မှ ဖုရှောင်ယွီသည် သူ၏ တည်ငြိမ်အေးဆေးသည့် အမူအရာကို မဆုံးရှုံးစေခဲ့။
သို့သော်ငြား ယခုတကြိမ်တွင်မူ သူ့ လေသံသည် ဒေါသသံ အနည်းငယ် စွက်လို့နေ၏။
" ခုလို ခေတ်မီတိုးတက်နေတဲ့ ခေတ်ကြီးမှာ ဖယ်ရိုမုန်း ကိုက်ညီမှု ရှာဖွေပေးနိုင်တဲ့ နည်းပညာတွေ အများကြီးရှိနေပြီ၊ ဘာဖြစ်လို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ စိတ်ပညာဆန်းစစ်ချက် မေးခွန်းတွေ သုံးနေဦးမှာလဲ၊ ဟုတ်တယ်၊ ကျွန်တော် ဒီထုတ်ကုန်ရဲ့ အဓိကတန်ဖိုးအပေါ် လုံးဝ အယုံအကြည် မရှိဘူး၊ အယုံအကြည်လည်း မရှိသလို အဲ့က ထွက်လာတဲ့ အဖြေအပေါ်ကိုလည်း လက်ခံမှာ မဟုတ်ဘူး၊ ကျွန်တော်သာဆိုရင် ဒီလို အရည်အသွေးညံ့တဲ့ ထုတ်ကုန်ကို သုံးပြီး လက်တွဲဖော် ရှာမနေဘူး "
ထိုစကားလုံးတွေသည် စူးရှပြင်းထန်လွန်းလှ၍ ဖုရှောင်ယွီမှာ ပြောပြီးလျှင် ပြောပြီးချင်း သူ၏ တည်ငြိမ်အေးဆေးသည့် အမူအရာသည် ပျက်ယွင်းသွားရပြီမှန်း သဘောပေါက်လိုက်သည်။ ကိုယ်တိုင် ပျိုးထောင်ထားသည့် ထုတ်ကုန်တခုကို တိုက်ခိုက်ပြောဆိုခြင်းက မည်သူ့အတွက်မဆို နာကျင်ရသည်သာ။
မယုံကြည်ရခြင်းမှာ သူသည် 'Last Love' ဟူသည့် အက်ပလီကေးရှင်းကို ရင်ထဲကနေ အမှန်တကယ် လက်မခံခဲ့၍လည်း ဖြစ်နိုင်၏။ ထို့အပြင် ဤသည်က ဝမ်းခေါ့ ပြုစုစောင့်ရှောက်ခဲ့ရသည့် ကလေးငယ်လေးဖြစ်သည်။ ထိုမှအခြေတည်လာခဲ့သည့် ထုတ်ကုန်ကို ဝမ်းခေါ့နှင့် ရွှီကျားလဲ့တို့က ရိုမန့်တစ်ဆန်သည့် အချစ်၊ အဓိပ္ပာယ်မရှိသည့် အတွေးအမြင်များဖြင့် ဖြည့်စွက်ပေးလိုက်ကြသည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ