(၉၃)

2.7K 462 10
                                    

Unicode



တညလုံး လှိမ့်နေအောင် ခံစားရပြီးလျှင်တော့ မနက်ပိုင်းရောက်သည်နှင့် ဘာစားစား ပြန်အန်နေသည်မှာ သက်သာသွားလိမ့်မည်ဟူ၍ ရွှီကျားလဲ့ ထင်မိသည်။ သို့သော်ငြား သူ ထင်ထားသည်နှင့် တခြားဆီပင်။

နောက်တနေ့ မနက်ပိုင်းဝယ် နည်းနည်းသက်သာလာပြီအထင်ရှိကာ အစာမရှိသည့် အစာအိမ်ကို ဖြည့်ဖို့ရန်အတွက် ဆန်ပြုတ်နှင့် အရံဟင်းတွေ စစားကြည့်သော်လည်း အနည်းငယ်မျှ စားလိုက်ရုံနှင့် ပြန်အန်သည်။

ဒီတိုင်းသာဆိုလျှင် မဖြစ်တော့။

ဆေးရုံကို တက္ကစီနှင့် သွားနေရင်းကပင် သူ့ စိတ်ထဲ ဘယ်လိုမှ မခံနိုင်တော့ဘူးဟူသည့် အတွေးကသာ ကြီးစိုးနေ၏။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကပင် ဤမျှနာကျင်ရသည်။ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းထက် ပိုကြောက်စရာကောင်းသည်မှာကား လမ်းခွဲမိသည့်အတွက် ဖြစ်ပေါ်လာသည့် နောင်တနှင့် ဖုံးကွယ်ထားဖို့ရာ မဖြစ်နိုင်တော့သည့် ဖုရှောင်ယွီအား အလွန်အမင်း လွမ်းဆွတ်တောင့်တမှုတို့ပင်ဖြစ်ကာ ထိုအတွေးက သူ့ကို  မိနစ် စက္ကန့်မလပ် နှိပ်စက်လို့နေ၏။

သူ ဘယ်လိုမှ မခံစားနိုင်တော့။

ဆေးရုံကို ရောက်၍ စမ်းသပ်ပြီးပြီးခြင်းမှာပင် အစာအိမ်အူရောင်ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ဆရာဝန်က သူ့ကို ဆေးစာရေးပေးနေရင်း ဆူလိုက်သေး၏။ မနေ့ညက သူ ခံစားနေရသည့် အခြေအနေနှင့်တင်အရေးပေါ်ခန်းဆီ စောစောရောက်လာသင့်​သည်ဟု ဆိုသည်။ တရက်မျှ ကြန့်ကြာသွားခြင်းအားဖြင့် ရောဂါ အခြေအနေက ပိုမိုပြင်းထန်လာလေရာ သုံးရက်ဆက်တိုင် ဆေးချိတ်ပြီ ကုသမှု ခံယူရမည်ဖြစ်သည်။

ရွှီကျားလဲ့သည် ဆေးရုံတွင် ဆေးချိတ်ပြီးသွားသည့်အခါ မွန်းလွဲချိန်ပင် ရောက်နေပြီဖြစ်သည်။ တကယ်တန်းတွင် သူ မဖျားမနာတာ အတော်ကြာခဲ့ပြီဖြစ်၍ နောက်ဆုံးအကြိမ် အပ်စာမိခဲ့ဖူးသည့် အချိန်ကိုပင် မမှတ်မိတော့။ သူ့လက်မှ အပ်ကို ဖြုတ်ပြီးနောက် အပ်ပေါက်ရာကို ပလာစတာဖြင့် အုပ်ပေးထားသည်အား အတန်ကြာ စိုက်ကြည့်နေမိရင်းက သူ့စိတ်တွေ ပျံ့လွင့်သွားပြန်၏။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now