Unicode
" မင်း ဒီမှာ ဘာလာလုပ်တာလဲ "
ဦးလေးယွိ စကားကို ကြားလိုက်ရသည်နှင့် တပြိုင်နက် သူ့ ဦးရေပြားက တင်းခနဲ ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုပါမူ အနှီလေသံမှာ သူ ရင်းနှီးနေကျ မုရုံကျင်းယ၏ အထက်စီးဆန်သည့် လေသံဖြစ်သောကြောင့်။
သို့သော် သူ ဘာမှ ပြန်မပြောရသေးခင်မှာပင် ဘေးနားတွင်ရှိနေသည့် ဝမ်ဟွိုင်ရွှမ်းက ပြူးကျယ်နေသည့် မျက်လုံးများဖြင့် ဆိုလာသည်။
" ခင်ဗျား .. "
သူသည် အနည်းငယ် ထစ်အစွာဖြင့် လမ်းတဖက်ရှိ Phantom ကို ကြည့်လိုက်ပြီးမှ ရွှီကျားလဲ့ဘက် လှည့်လာကာ
" ခင်ဗျားက ... မစ္စတာမုရုံရဲ့ သားလား "
အလွန်အမင်း အံ့သြသွားသည်ကြောင့် သူ့ မေးဟန်ကပင် အနည်းငယ် မယဥ်ကျေးရာ ရောက်သွားသည်။
သိထားကြသည့်အတိုင်း မုရုံကျင်းယသည် ကျူးယဗီလာတွင် ခပ်ကြာကြာ နေလေ့မရှိ။ ထို့ကြောင့် ကျူးယကို ပြောင်းလာတာ မကြာသေးသည့် ဖုရှောင်ယွီအနေဖြင့် Phantom ၏ ဝင်ထွက်သွားလာကို မမြင်ဖူး၍ သိပ်မထူးဆန်းသော်လည်း ဤနေရာတွင် ကြီးပြင်းလာခဲ့သည့် ဝမ်ဟွိုင်ရွှမ်းအဖို့မှာမူ ထိုကားကို တချက်မြင်ရုံနှင့် တန်းမှတ်မိသည်။
သို့သော် သူ လုံးဝ ထင်မှတ်မထားသည်က ဈေးကျနေသည့် Tesla ကားကို မောင်းနှင်ပြီး ပုံမကျပန်းမကျ ဟူဒီ၀တ်ထားသည့် အနှီအယ်လ်ဖာမှာ မုရုံကျင်းယ၏ သားဖြစ်နေခဲ့သည် ဆိုတာပင်။ သူ့မှာ သိုင်းလောက ဇာတ်လမ်းတွဲအား တိုက်ရိုက်ကြည့်နေရသလိုဖြစ်ကာ သူ့ရှေ့တွင်ပင် "နဂါးနိုင်ဓား" ဇာတ်လမ်းတွဲထဲမှ ကျန်းအားနျိုသည် ကျန်းဝူကျိအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့မြင်လိုက်ရ၏။
ဆိုရလျှင် Tesla က မောင်းနေသည်က ဘဝ၏ အတက်အကျ သဘောထားကို အတွေ့အကြုံလိုချင်၍တောင် ဖြစ်နေနိုင်သေးသည်။
ဝမ်ဟွိုင်ရွှမ်း၏ စိတ်ခံစားချက်မှာ မတည်မငြိမ်ဖြစ်သွားရသလို သူ ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့သည့် မျက်နှာ အမူအရာကလည်း အနည်းငယ် ပျက်ယွင်းချင်နေပြီဖြစ်သည်။ ဘေးတွင်ရှိနေသည့် ဖုရှောင်ယွီသည်လည်း ဝမ်ဟွိုင်ရွှမ်းဆီမှ ထွက်ရှိလာသည့် အမည်နာမကို ကြားလိုက်ရသည်တွင် အံ့ဩတကြီး ဖြစ်သွားသည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
Roman d'amourTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ