Unicode
ရွှီကျားလဲ့နှင့် ဖုရှောင်ယွီတို့သည် မွေးခန်းအပြင်ဘက်တွင် စောင့်ဆိုင်းရင်း မွေးကင်းစလေးတွေကို တွေ့ချင်နေကြသည့်တိုင် တွေ့ခွင့်မရသေးဘဲရှိသည်။
ကလေးထွက်လာပြီဆိုကတည်းက ဟန်ကျန်းခေါ့၏ဖခင် ဟန်ကျန်းအပါအဝင် ဟန်မိသားစုတစုလုံး၊ ဟန်ညီအကိုများနှင့် ဆွေမျိုးသားချင်းများပါမကျန် အခန်းရှေ့ စုပြုံတိုးဝှေ့နေကြကာ စည်ကားလျက်ရှိသည်။ ဟန်မိသားစုအားလုံးလိုလို အရပ်မြင့်မြင့်၊ လူကောင်ထွားထွားကြီးတွေဖြစ်ကြပြီး သို့နှယ် ကလေးပေါက်စနလေးတွေကို ဝိုင်းအုံထားကြသည့်အခါတွင်ကား လေဝင်လေထွက်ပင် မရှိနိုင်တော့အောင် ကာစီးထားကြသလိုဖြစ်သွားတော့၏။ သိပ်မကြာလိုက်ခင်မှာပင် သူနာပြုဆရာမက မွေးကင်းစကလေးလေးလေးတွေကို အနွေးပေးစက်ထဲ ထည့်ဖို့ရန် ခေါ်ထုတ်သွားကြသည်။
သူတို့တွေ ဝမ်းခေါ့နှင့် ဟန်ကျန်းခေါ့တို့ဆီ လူနာ သွားကြည့်ကြသေးသည်။ သို့သော်လည်း ဝမ်းခေါ့မှာ ကလေးမွေးဖွားပြီးနောက် မောပန်းနွမ်းနယ်နေပြီဖြစ်၍ ခဏလေးနှင့် အိပ်ပျော်သွားပြီး ဟန်ကျန်းခေါ့ကမူ ဝမ်းခေါ့အနားနားတွင်သာ နေဖို့ ဆန္ဒရှိနေကာ အပြင်သို့ ထွက်မလာပါချေ။
ဟန်မိသားစုဝင်များသည်လည်း ကလေးလေးတွေကို သွားကြည့်သည့် ဟန်ကျန်းအနောက်သို့ လိုက်သွားကြသည်ဖြစ်ရာ ဆူညံနေသည့် စင်္ကြံတခုလုံးသည် ဟုတ်ခနဲ တိတ်ဆိတ်ငြိမ်ကျသွားသည်။ ဆူညံပွက်လောရိုက်နေရာမှ ရုတ်ခြည်းတိတ်ဆိတ်ငြိမ်ကျသွားခြင်းက ဟန်မိသားစု အမှန်တကယ် အဂရုအစိုက်ဆုံးအရာမှာ သွေးသားကိုသာဖြစ်ကြောင်း ပြသလျက်ရှိကာ ကိုယ်ဝန်ကို ကြိုးစားပမ်းစား လွယ်ပြီး မွေးဖွားပေးခဲ့ရသည့် အိုမီဂါမှာ ဒုတိယနေရာတွင်သာရှိကြောင်း ထင်ရှားသွားသည်။
အယ်လ်ဖာတွေသာ ကြီးစိုးသည့် မိသားစုကြီးတခုတွင် ဤသို့ဤပုံဖြစ်နေသည်မှာ အရမ်းကြီး အံ့သြစရာတော့ မဟုတ်မှန်း ရွှီကျားလဲ့လည်း သိသည်ပင်။
မတိုင်မီတွင် အကြာကြီး စောင့်ဆိုင်းနေရချိန်တုန်းက အလွန်ပျော်ရွှင်စရာကောင်းသည်ဟု ထင်ခဲ့သော်လည်း လူအုပ်ကြီး ရုတ်တရက် လူစုကွဲသွားသည့်အချိန်တွင် ဘယ်ကမှန်းမသိသည့် အထီးကျန်သလို ခံစားချက်က ဝင်ရောက်လာ၏။ သူနှင့် ဖုရှောင်ယွီ ခုံတန်းရှည်ပေါ် ခဏတဖြုတ် ထိုင်နေကြရင်းနှင့် ဖုရှောင်ယွီက ရုတ်တရက် ကောက်ခါငင်ကာဖြင့် ထမေးလာသည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
Storie d'amoreTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ