Unicode
နန်ရီ ပြန်ရောက်လာချိန်မှစ၍ ရွှီကျားလဲ့က နန်ရီလေးကို မနက်တိုင်း စောစောထပြီး သွားကြိုသည်။ ထို့နောက် မနက်စာ အတူတူစားကြပြီး ပြီးလျှင် B မြို့ပေါ်ရှိ လည်ပတ်စရာ နေရာများနှင့် အနီးနားပတ်ဝန်းကျင်တဝိုက်ဆီ ညနေစောင်းချိန် ရောက်သည်အထိ လည်ပတ်ကြသည်။
သူတို့တွေ လည်ပတ်ကြတိုင်း ကျင်းချူလိုက်သည်က သိပ်မရှိ။ လိုက်ခဲ့ပြန်လျှင်လည်း နာရီပိုင်းမျှသာ ပါလာလေ့ရှိပြီး ပင်ပန်းသည်ဟုဆိုကာ ပြန်အနားယူသည်က များသည်။ သူ ပင်ပန်းရသည်မှာလည်း ယခုတခေါက်အလာတွင် ကလေးထိန်းကို မခေါ်လာခဲ့မိ၍ဟု ဆို၏။
တကယ်လည်းပဲ နန်ရီကို မွေးပြီးသည့်အချိန်မှစ၍ ကျင်းချူ တယောက်တည်း ကလေးကို ပြုစုစောင့်ရှောက်ခဲ့ရသည်က သိပ်မရှိလှပေ။ ရွှီကျားလဲ့ အိမ်မှာ မရှိသည့် အခါမျိုးတွင်တောင် နန်ရီကို ကြည့်ပေးဖို့ ကလေးထိန်းတယောက် အမြဲရှိရသည်။
ခုနစ်နှစ်သားအရွယ် ကလေးတယောက်ကို ထိန်းကျောင်းရသည်မှာ တကယ်ကို မလွယ်မှန်း သူ နားလည်ပါ၏။ ခုရက်ပိုင်းလေးအတွင်းမှာတောင်မှ နန်ရီ တယောက်တည်းအတွက်နှင့် မနားနိုင်အောင် လုပ်စရာများပြားလွန်းလှသည်။
သူက တိရစ္ဆာန်ရုံမှသည် ပြိုင်ကားငယ်အမောင်းလမ်းကြောင်းကဲ့သို့သော စိတ်လှုပ်ရှားစရာကောင်းကာ များပြားစုံလင်လှသည့် ခရီးစဉ်တခုကို ရေးဆွဲလိုက်သည်။ အနှီခရီးစဥ်ထဲ ကျေးလက်တောရွာရှိ ယာခင်းသို့ သွားကာ စတော်ဘယ်ရီသီးများ ခူးဆွတ်ပြီး ခွေးဂေဟာသို့ သွားရောက်လည်ပတ်ခြင်းလည်း ပါဝင်၏။ အားလုံးမှာ ကလေးငယ်များနှစ်သက်သည့် လှုပ်ရှားမှုတွေချည်းပင်။
ခွေးဂေဟာတွင် Shiba Inu ခွေးပေါက်လေးတွေကို တွေ့ရ၍ နန်ရီလေးက အထူးပင် ပျော်ရွှင်နေသည်။ နန်ရီမှာ နူးညံ့သိမ်မွေ့သော သဘာဝရှိပြီး မဆင်မခြင် ပြုမူတတ်သည့် ကလေးမျိုး မဟုတ်လေရာ ခွေးကလေးကို ငြိမ်ငြိမ်လေး ထိုင်ကြည့်နေပြီး တခါတရံမှသာ ညင်သာစွာ ပွတ်သပ်ပေးသည်။
" ဒယ်ဒီ၊ သား ခွေးမွေးလို့ရမလား "
ကောင်လေးက ခွေးကလေးကို ပွတ်သပ်ပေးနေရင်း သူ့ကို မော့ကြည့်ကာ မေးလိုက်သည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ