(၈၄)

4.3K 576 91
                                    

Unicode

" ဘာရယ် "

ဖုရှောင်ယွီ၏ မျက်လုံးတွေသည် ပြူးကျယ်လျက်။ တောက်ပသည့် နေရောင်ခြည်က သူ့မျက်နှာပေါ် တည့်တည့် ကျနေ၍ စိတ်ရှုပ်ထွေးသွားသည့် အရိပ်အယောင်များကို မျက်ဝန်းအိမ်ထက်ဝယ် အလွှာပါးတခုနှယ် ကာဆီးလို့ထားသည်။

ရွှီကျားလဲ့သည် ဖုရှောင်ယွီကို ကြည့်နေရင်းက မည်သို့မျှ စကားကို ထပ်မကျော့နိုင်။ တူညီသည့် စကားတခွန်းကို နောက်တခေါက် ပြန်ပြောဖို့ရာပင် လုံးဝ မလုပ်နိုင်တော့သလို ခံစားရသည်။

ဖုရှောင်ယွီသည်လည်း လုံးလုံးကြီး မကြားလိုက်သည်တော့ မဟုတ်။ သို့သော်လည်း ထိုသို့ ကြားလိုက်ရသည်ကို မယုံကြည်နိုင်အောင် ဖြစ်ရ၍ ချက်ချင်း ပြန်မတုံ့ပြန်နိုင်သေးတာဖြစ်သည်။

ထို့ကြောင့် နောက်တစက္ကန့်တွင် သူသည် မအောင့်နိုင်တော့စွာဖြင့် အသံကို အနည်းငယ် မြှင့်၍ ထပ်မေးလိုက်၏။

" ရွှီကျားလဲ့၊ ခင်ဗျား ကျွန်တော်နဲ့ လမ်းခွဲမယ်လို့ ပြောလိုက်တာလား "

ထိုအခိုက်အတန့်တွင် သူ့မှာ ဖြစ်ပေါ်လာသည့် ခံစားချက်တွေကို လက်ခံနိုင်ဖို့ပင် အချိန်မရှိဘဲ ရုတ်ခြည်း ကြုံတွေ့လိုက်ရသည့် အခြေအနေကြောင့် ကြက်သေသေလို့နေ၏။

မေးခွန်း၏ ပထမတပိုင်းတွင် လေသံက ပြတ်ပြတ်သားသားနှင့် စူးရှဆဲဖြစ်သော်လည်း နောက်ဆက်စကားတို့ အရောက်တွင် အသံက ရုတ်တရက်တုန်ခါလို့သွားသည်။

" ဘာကြောင့်လဲ "

ရွှီကျားလဲ့ ပြန်ဖြေဖို့ အခွင့်မရှိလိုက်သေးခင်မှာပင် ဖုရှောင်ယွီက သည်းမခံနိုင်တော့သည့် အမူအရာဖြင့် ရှေ့သို့ ခြေတလှမ်းတိုးလာသည်။ သို့သော် ယခုတကြိမ်တွင်မူ အာမေဍိတ်သံက မသဲမကွဲ။

" ဟမ် ... ? "

နာကျင်သည်။

သို့ကလို နာကျင်လာမှုက ဖုရှောင်ယွီအား လက်ရှိ အခြေအနေကို ရုတ်တရက် သဘောပေါက်သွားစေပြီး ရှက်ရွံ့သည့် ခံစားချက်ကပါ ချက်ချင်း ဆန်တက်လာ၏။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now