Unicode
ရွှီကျားလဲ့က တိတ်ဆိတ်နေဆဲ။ ဖုကျင့်သည် စက္ကန့်အနည်းငယ်ကြာသည်အထိ ရွှီကျားလဲ့ကို စိုက်ကြည့်နေသော်လည်း မည်သည့်တုန့်ပြန်မှုမှ ရောက်မလာခဲ့ချေ။ ဤသည်မှာ ဖုရှောင်ယွီက ရုတ်တရက် သူ့ကို လှမ်းဆွဲမလာခင်အထိဖြစ်ပြီး သားဖြစ်သူဆီမှ အံကြိတ်သံဖြင့် ပြောလာသည်ကို ကြားလိုက်ရ၏။
" အဖေ၊ ပြန်ကြရအောင် "
ဖုကျင့်သည် အနည်းငယ်မျှ ငြင်းဆန်ချင်မိသေးသော်လည်း သားဖြစ်သူ၏ မျက်နှာပေါ်ရှိ အမူအရာကို တွေ့မြင်လိုက်ရသည့်အခါတွင်မူ တိတ်တဆိတ်ပင် နာခံလိုက်သည်။
ဖုရှောင်ယွီ၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုနှင့် ဝမ်းနည်းမှုတို့ ရောထွေးလျက်ရှိသည်။
ဖုကျင့်သည်လည်းပဲ တိတ်ဆိတ်ငြိမ်ကျလို့သွား၏။ သူတို့နှစ်ယောက် ကားပါကင်ဆီသို့ လျှောက်သွားသည့်အခါကျမှ ရွှီကျားလဲ့သည် ရုတ်တရက် ရှေ့သို့ ခြေနှစ်လှမ်းတိုးလာပြီး သူတို့ကို ကြည့်နေသည်။
ဖုရှောင်ယွီသည် ထိန်းချုပ်မထားနိုင်စွာဖြင့် ခေါင်းအသာငဲ့၍ လှမ်းကြည့်လိုက်မိသည်။ ညလေပြည်အလယ် ထီးထီးတည်း ရပ်နေသည့် ရွှီကျားလဲ့၏ မျက်နှာကို ကြည့်မိသည့် ခဏဝယ် အနှီသူသည် တစုံတရာကို ပြောချင်နေသည့်နှယ်။
အယ်လ်ဖာ၏ အပြုအမူတွေသည် ထူးဆန်းလို့နေ၏။ ဆေးရုံဂိတ်ပေါက်ဝ လမ်းဆုံအလယ်တွင် ရပ်နေခဲ့သည်ဖြစ်ရာ တဝက်တပျက် ထွန်းလင်းနေသည့် မီးရောင်က ထိုသူ၏ မျက်နှာတဝက်ကို မှောင်ရိပ်ထဲတွင် ဝှက်ကွယ်ထားသလိုဖြစ်နေသည်။ မြင်နေရသည့် မျက်နှာတဝက်မှာကား အမူအရာကင်းမဲ့လျက်ရှိကာ တိတ်ဆိတ်မှုနှင့် ပေါင်းစပ်လိုက်သည့်အခါဝယ် ရုပ်သေးရုပ်တရုပ်အဖြစ် မှတ်ထင်သွားရစေသည်။
မှေးကျဉ်းသည့် မျက်လုံးတစုံကသာ မှန်ဘီလူးနောက်ကွယ်မှနေ၍ ဖုရှောင်ယွီကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။ အနှီအကြည့်တွေက စူးရှပြင်းထန်လွန်း၍ တခဏသာမျှသော အကြည့်ချင်းဆုံမှုလေးကပင် ကြာရှည်လွန်းသလို ခံစားရသည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ