(၃၉)

4.6K 680 10
                                    

Unicode

ထိုညနေတွင် ရွှီကျားလဲ့သည် နန်ရီနှင့် အရုပ်ဆက်နေ၏။

နန်ရီက ယောက်ျားလေးပင်ဖြစ်သော်ငြား Disney Princess ၏ အမာခံပရိတ်သတ်ဖြစ်ကာ လွန်ခဲ့သည့် ရက်အနည်းငယ်က စတိုးဆိုင်တွင် Princess Elsa ၏ ရေခဲနန်းတော် လီဂိုကို ဝယ်လာသည်။

ထိုလီဂိုအတွက် ယွမ်ခုနှစ်ရာကျော် ပေးခဲ့ရပြီး သူနှင့် နန်ရီမှာ ပါကင်ကို စဖြည်လိုက်သည်နှင့် မူးဝေနေအောင် အလုပ်များတော့သည်။

ဖုန်းက သူ့ အနီးအနားတွင် ရှိသော်လည်း WeChat နှင့် DingTalk မှနေ၍  တညလုံး နိုတီတက်မလာပေ။ သို့သော် မနက်ငါးနာရီဝန်းကျင်လောက်တွင် ကျင်းချူထံမှ မက်ဆေ့ချ်ဝင်လာပြီး သူတို့တွေ နေ့လည်ပိုင်းလောက်တွင် ရောက်မည်ဖြစ်ကြောင်း ပြောထားသည်။

ရွှီကျားလဲ့က အအိပ်ဆတ်သူဖြစ်ရာ ထိုမက်ဆေ့ချ်ကို ဖတ်ပြီးနောက်တွင် ပြန်အိပ်မပျော်နိုင်တော့။ သို့နှင့် သူ့ ဘေးနားတွင် အိပ်ပျော်နေသည့် ကလေးငယ်၏ နဖူးကို အသာ နမ်းလိုက်ပြီး အိပ်ရာမှ ထကာ မျက်နှာသစ် ဆေးကြောလိုက်သည်။ ထို့နောက် ရှအန်း၏ ကြောင်သဲပုံးကို သဲအသစ်ထည့်ပေးပြီး ​လေကောင်းလေသန့် ရှူရှိုက်ရန်အတွက် ဝရန်တာဘက် ခဏလောက် ထွက်လာလိုက်သည်။

ဆောင်းရာသီ၏ နံနက်ခင်းသည် ညနှောင်းပိုင်းကဲ့သို့ပင်ဖြစ်ကာ ကောင်းကင်ယံ၌ ကြယ်လေးတွေ ခပ်ဖျောက်ဖျောက်ရှိနေဆဲဖြစ်ပြီး  လသာဆောင်အပြင်ဘက် လမ်းပေါ်တွင်မူ ရေခဲလွှာခပ်ပါးပါးဖြင့် လွှမ်းခြုံလို့ထားသည်။

နွေဦးပွဲတော်ပင် နီးလာချေပြီ။

ရွှီကျားလဲ့သည် ပြီးခဲ့သည့် ဆောင်းဦးနှောင်းပိုင်းလောက်တုန်းက ခပ်ဖွဲဖွဲရွာလာသည့် မိုးကြောင့် နိုးလာပြီး ညဉ့်နက်မှ ဝရန်တာဘက် ထွက်ကာ ဆေးလိပ်သောက်နေမိသည်ကို ယောင်ဝါးဝါး ပြန်အမှတ်ရမိသည်။

ထိုအချိန်တုန်းက သူ တရုတ်သို့ ပြန်ရောက်သည်မှာ လအနည်းငယ်သာ ရှိသေးသည်။ သူသည် မကြာခဏပင် အိပ်မပျော်သည့် ဝေဒနာကို ခံစားခဲ့ရပြီး တနေကုန် ဘာမှ မလုပ်ဘဲ အိမ်တွင်သာ နေလေ့ရှိသည်။ နောက်ပိုင်းတွင် တယောက်တည်း အထီးကျန်ဆန်နေရခြင်းမှ လွတ်မြောက်ရန်အလို့ငှာ ညနေပိုင်းရောက်သည်နှင့် သူ့ညီအကိုများနှင့် ချိန်းဆိုပြီး အပြင်လေး ဘာလေးထွက်ရသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now