Unicode
အီတလီမှ မှာယူထားသည့် စိန်နားကပ်သည် ဖုရှောင်ယွီ၏ အနုသုခုမစံနှုန်းနှင့် အပြည့်အဝ ကိုက်ညီသည်ဟု ဆိုရမည်။
ဝိုင်းစက်စက်၊ ခပ်ကြီးကြီးနှင့် တလက်လက် တောက်ပနေပါသည့် နားကပ်ကို မြင်လိုက်ရလေလျှင် မည်သူမဆို အလွန်တရာ တန်ဖိုးကြီးသည့် နားကပ်ဖြစ်မှန်း ပြောနိုင်ကြမည်ဖြစ်ပါ၏။ ဖုရှောင်ယွီ အမြဲဝတ်ဆင်လေ့ရှိသည့် Rolex နာရီလို၊ အလန်းစား Lamborghini လို၊ ရှပ်အင်္ကျီလက်ပေါ်မှ ရွှေကြယ်သီးတွေလိုပင် အရာအားလုံးက တန်ဖိုးကြီးမြင့်မှန်း သိသာလှသည်။
ထို့ကြောင့်ပင် ဖုရှောင်ယွီက စိန်နားကပ်ကို ရွှီကျားလဲ့၏ နားပေါ် တင်ပေးလိုက်သည့် ခဏဝယ် ရွှီကျားလဲ့မှာ ကျယ်လောင်စွာပင် ရယ်မောမိတော့သည်။
" အင်း၊ ဟုတ်တယ်၊ နေ့တိုင်း ဝတ်ဖို့ကတော့ နည်းနည်းများတယ် "
ဖုရှောင်ယွီက သူ့ကို ကြည့်နေရင်း အနည်းငယ် မဝံ့မရဲဖြင့် ဆိုလာသည်။
" သေရော "
ရွှီကျားလဲ့သည် မှန်ထဲတွင် မြင်နေရသည့် သူ့ ညာဘက် နားရွက်ကို မျက်လုံးများ မှေးကျဥ်း၍ ကြည့်ပြီး ပြောလိုက်သည်။
" ဒီလို ပြူးပြူးပြဲပြဲ ဖြစ်နေတာမျိုးလည်း မဆိုးပါဘူး "
ဤသည်က ပြီးပြီးရော ပြောလိုက်သည့် နှစ်သိမ့်မှုဟုပင် မဟုတ်ပါချေ။ ရွှီကျားလဲ့သည် နေ့စဥ် အလုပ်သွားလျှင် အနှီစိန်နားကပ်ပြူးပြူးကြီးကို နားတွင် ပန်ဆင်သွားပြီး လုပ်ရပ်ဖြင့် သက်သေပြသည်။
ထိုရက်များအတွင်း "အလုပ် လုပ်ကြသူများတွင် အချစ် မရှိ" အဖွဲ့၏ ဂရုချက်သည် အလွန်တရာ သက်ဝင်လှုပ်ရှားလို့နေကာ အဆုံးတွင် အားလုံးက ရွှီကျားလဲ့နှင့် အနီးစပ်ဆုံး ဆက်ဆံရေးရှိသည့် ဟူရှားကို သတင်းစုံစမ်းရန်အတွက် စေလွှတ်လိုက်ကြသည်။
" ရွှီကော၊ နားကပ်က အသစ်လား ... "
ဟူရှားသည် အအေးစက်ဆီသို့ သွားရာလမ်းတွင် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်လိုက်နိုင်ပြီး စသလိုလို နောက်သလိုလိုဖြင့် မေးလိုက်သည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ