(၄၆)

5.2K 651 68
                                    

Unicode

[  ကျွန်တော် ခင်ဗျားကို တချက်လောက် လာကြည့်မယ်လေ၊ နော်  ]

ရွှီကျားလဲ့သည် သူ့ နဖူးကို အုပ်ထားရင်းက အနှီစာကြောင်းကို အတော်ကြာအောင် ဖတ်နေမိသည်။ "ကိုယ် အဆင်ပြေတယ်၊ မလိုဘူး" ဟူသည့် စာတကြောင်းကို ရေးလိုက်၊ ရိုက်ပြီး ပြန်ဖျက်လိုက်ဖြင့် ထပ်ခါထပ်ခါ လုပ်နေပြီးမှ အဆုံးတွင်ကား သူ မပို့လိုက်နိုင်ခဲ့။

ဘာကြောင့် မပို့မိမှန်း မသိသော်ငြား သေချာသည်ကတော့ သို့နှယ် ချီတုံချတုံဖြစ်ရခြင်းကပင် အဖျားဝေဒနာခံစားနေရသည့် သူ့အတွက် ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတမျိုးဖြစ်နေပြီ ဖြစ်ပါ၏။

WeChat တွင် "စာရိုက်နေဆဲ" ဟု တောက်လျှောက် ပြနေ၍ထင့်။ နှစ်မိနစ်၊ သုံးမိနစ်မျှ စောင့်ပြီးသွားသည့်အခါ တဖက်မှ ဖုရှောင်ယွီက စာ ထပ်ပို့လာသည်။

[  ဖုရှောင်ယွီ : ကျွန်တော် နောက်နာရီဝက်ကျော်ကျော်လောက်ဆို ရောက်မယ်  ]

အိုမီဂါ၏ အပြောက အလုပ်အစည်းအဝေးတခုတွင် အစီအစဉ်တခုကို ပြတ်ပြတ်သားသား ချလိုက်သည့်အလား ခိုင်မာပြတ်သားမှု အပြည့်ရှိနေသည်။

ဤသည်က ရွှီကျားလဲ့အား ငြင်းခွင့်မသာတော့အောင် ဖြစ်စေ၏။

ဟုတ်ပြီလေ။

ရုတ်တရက်ပင် ရွှီကျားလဲ့သည် ရင်ထဲမှ အလုံးကြီး ကျသွားကာ စိတ်သက်သာရာရသလို ခံစားလိုက်ရ၏။ သူသည် "အိုကေ" ဟု ပြန်ပို့လိုက်ပြီး ​ကုတင်ပေါ် လှဲချလိုက်သည်။

နာရီဝက်လောက် လှဲအိပ်နေပြီး ဖုန်းဖွင့်ကာ အချိန်ကို တချက်ကြည့်လိုက်တော့ ဖုရှောင်ယွီ ရောက်လာမည် ပြောသည့်အချိန်ထက် နောက်ကျနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ အချိန်တိကျ မှန်ကန်လွန်းတတ်သည့် အိုမီဂါအတွက် သို့ကလို နောက်ကျသည်က ရှား၏။

သူသည် ထိုအတိုင်း ဆက်အိပ်နေလိုက်ပြီး ဆယ်မိနစ်ကျော်ကျော်အကြာတွင် သူ့ဖုန်းက တုန်ခါလာမှသာ ပြန်နိုးလာသည်။

" ဟယ်လို "

စကားပြောလိုက်သည့်အခါမှ သူ့ လည်ချောင်းတွေက အရမ်းကို ပူစပ်ပူလောင်ဖြင့် နာကျင်နေကြောင်း သတိထားမိတော့သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now