Unicode
ခပ်လှမ်းလှမ်း တနေရာမှ ညကောင်းကင်ယံသည် မီးရှူးမီးပန်းများ ပစ်ဖောက်လိုက်ခြင်းကြောင့် ရုတ်ခြည်း လင်းလက်သွားသည်။ ဖုရှောင်ယွီသည် မတ်မတ်ရပ်လိုက်ပြီး မိုးကုပ်စက်ဝိုင်းတခွင် မော့ကြည့်လိုက်ကာမှ သန်းခေါင်ကျော်သွားပြီမှန်း သတိထားမိတော့၏။
နှစ်သစ် တနှစ် ရောက်ရှိလို့လာပြန်ချေပြီ။
ရွှီကျားလဲ့ကပါ မတ်တပ်ထရပ်လာပြီး သူ့ ကိုယ်ပေါ်က နှင်းတွေကို ပွတ်ချနေသည်။ ထို့နောက် ခေါင်းလှည့်ပြီး ဖုရှောင်ယွီကို ကြည့်လာကာ သူ့နှုတ်ခမ်းထက်က စီးကရက်ကို ရုတ်တရက် လုယူလိုက်သည်။
" ရပြီ "
ရွှီကျားလဲ့က ဆိုသည်။ ထိုသူသည် စီးကရက်ကို ငြှိမ်းသတ်လိုက်ပြီး အမှိုက်ပုံးထဲ သပ်ရပ်စွာ ပစ်ချလိုက်၏။
" နောက်ကျနေပြီ၊ မင်းဘယ်မှာနေတာလဲ၊ ကားခေါ်ပြီး မင်းကို လိုက်ပို့ပေးခိုင်းလိုက်မယ်"
" မြောက်ပိုင်းခရိုင်၊ ကျူးယဗီလာ "
" အိုး ? "
ရွှီကျားလဲ့ မျက်ခုံးတွေ မြင့်တက်သွားသည်။
သူ့ အမူအရာက အနည်းငယ် အံ့အားသင့်သွားဟန်ပြနေသည်။ ကျူးယဗီလာသည် B မြို့တော်၏ ထိပ်တန်းအိမ်ခြံမြေနေရာအဖြစ် သတ်မှတ်ခံထားရသည်။ ထိုနေရာတွင် သီးသန့်ဗီလာအပြည့်ရှိပြီး အနိမ့်ဆုံး စျေးနှုန်းမှာ သန်းငါးဆယ်၊ ခြောက်ဆယ်လောက်ကနေစသည်။
မိသားစုနောက်ခံနှင့် ပတ်သက်၍ အများကြီး ပြောဆိုဆွေးနွေးထားခဲ့သဖြင့် ထိုပမာဏသည် ဖုရှောင်ယွီ၏ မိသားစု ထောက်ပံ့ပေးနိုင်သည့် အနေအထား မဟုတ်ကြောင်း မှန်းဆလို့ ရနိုင်သည်။ ထို့အပြင် ဖုရှောင်ယွီ အလုပ်လုပ်သည်ကလည်း နှစ်အနည်းငယ်မျှသာ ရှိသေးသည်။
ဖုရှောင်ယွီမှာ အနည်းငယ် ရီဝေဝေဖြစ်နေ၍ ထင့်၊ ရွှီကျားလဲ့၏ မျက်လုံးများဆီမှ စပ်စုချင်နေသည့် အရိပ်အရောင်တို့ကို သတိမထားမိဘဲရှိနေသည်။ ယင်းအစား သူသည် ခေါင်းငုံ့လိုက်ပြီး အက်ပ်တခုကို ဖွင့်ကာ ရွှီကျားလဲ့ဘက် ထိုးပြလာသည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ