(၈၆)

2.5K 457 35
                                    

Unicode

ဖုကျင့်သည် ပဲပိစပ်ခေါက်ဆွဲ ချက်ပြီးချိန်တွင် ဖုရှောင်ယွီ အိပ်ပျော်သွားသည်မှာ တရေးတမော မကတော့။

သူ့ ပုံစံမှာ နုံးချည့်ချည့်ဖြစ်နေဆဲဖြစ်ကာ ခေါက်ဆွဲကို တတူ တမျှင်မျှသာ  စားနေသည်။ စားချင်သောက်ချင်စိတ်ပင် ရှိမနေသည့် ဟန်ပန်က ဘေးမှ ထိုင်ကြည့်နေသည့် ဖုကျင့်ကို ပို၍ စိုးရိမ်လာစေ၏။

စားနေရင်းနှင့် ဖုရှောင်ယွီက ရုတ်တရက်ကြီး မေးလာသည်။

" အဖေ၊ ကျွန်တော် လမ်းခွဲလိုက်တာ ဘယ်လိုသိသွားတာလဲ၊ ဝမ်ရှောင်ရှန်း ပြောပြလို့လား "

ထုတ်မေးလိုက်ပြီးခါမှ ထိုသို့ မဖြစ်နိုင်မှန်း တွေးမိသည်။ သူ့ ခွင့်ပြုချက်မရှိဘဲ ဝမ်ရှောင်ရှန်းက ထုတ်ပြောမည့်သူ မဟုတ်ပါပေ။

" မဟုတ်ဘူး "

ဖုကျင့်က သခွား အမျှင်သေးသေးလေးတွေကို သားဖြစ်သူ၏ ပန်းကန်လုံးထဲ ထည့်ပေးနေရင်း ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ဆက်ပြောလာသည်။

" အဲ့တာ ရွှီမျိုးရိုးဆီက သိတာ၊ မင်း ပရိုဖိုင်ပုံပြောင်းပြီး မင်းရဲ့ Moments တွေကို ဖျက်လိုက်ကတည်းက မင်း အန်တီနဲ့ ငါ သိချင်နေကြတာ၊ မင်းကို မေးဖို့ အခွင့်မသာခင်မှာပဲ ဒီနေ့ နေ့လည် အဲ့တယောက်က မင်းရဲ့အန်တီဆီ ဖုန်းဆက်လာတယ်၊ အရေးမပါတဲ့ တောင်းပန်စကားတွေ ပြောပြီး မင်းကို သွားကြည့်ပြီး ဂရုစိုက်ပေးဖို့ချည်းပဲ တောင်းဆိုနေတာ "

" သူကများ တပြန် ​တောင်းဆိုနေရသေး၊ ငါက မင်းကို ဘယ်တုန်းက ဂရုမစိုက်ဘဲ ပစ်ထားခဲ့လို့လဲ၊ ဒါနဲ့ ငါလည်း အရမ်းစိတ်ပူပြီး အမြန်ရထားနဲ့ လာခဲ့လိုက်တာ၊ တကယ်ဆို မင်းရဲ့ အန်တီကပါ လိုက်လာချင်တာ၊ ငါက လူတွေ များနေရင် မင်း စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ မလိုက်ခဲ့ဖို့ ပြောလိုက်တာ၊ နောက် မင်း စိတ်အဆင်ပြေသွားခါကျမှ မင်း အန်တီက စိတ်ပြေလက်ပျောက် အပန်းဖြေခရီးလေး ဘာလေးဖို့ ခေါ်သွားဖို့ လုပ်ထားတယ်​ "

ဖုရှောင်ယွီသည်​ တူကိုင်လျက်သားဖြင့် ဖုကျင့် တတွတ်တွတ် ပြောနေသမျှကို တွေတွေကြီး နား​ထောင်​နေသည်​။ ပြီးသွားသည့်အခါ သူ ပန်းကန်ကို ရှေ့သို့ တွန်းထုတ်လိုက်ပြီး မတ်တပ်ထရပ်​လိုက်ကာ ခပ်တိုးတိုးလေး ပြောလိုက်သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now