(၈၃)

4.5K 597 129
                                    

Unicode

ရွှီကျားလဲ့ အိပ်မက် မက်သည်။

အိပ်မက်ထဲတွင် သူ့ ကလေးဘဝကို ပြန်ရောက်သွား၏။

အရပ်ရှည်ရှည် အယ်လ်ဖာတဦးသည် သူ့ကို ခေါ်ငင်ကာ ရှည်လျားပြီး မှောင်မိုက်သော မြေအောက်လမ်းအတိုင်း လျှောက်လာကြသည်။ လမ်းတလျှောက်ဝယ် ရောင်းသူမဲ့ သတင်းစာဆိုင်၊ အဆာပြေမုန့်များနှင့် ကွာစေ့များရောင်းချသည့် ခုံငယ်တန်း အသွယ်သွယ်ကို ဖြတ်ကျော်လာပြီးနောက် ရထားဆိုက်ရောက်လာမည့် ဟာလာဟင်းလင်း ပလက်ဖောင်းပေါ်တွင် အတူတူရပ်ကာ စောင့်ဆိုင်းနေခဲ့ကြသည်။

တကယ်ဖြစ်ပျက်နေသည့် အဖြစ်အပျက်တခုအလား မှတ်ထင်ရသည့်တိုင် အိပ်မက်ထဲတွင် သူတို့၏ ဦးတည်ရာကို လုံးဝမမှတ်မိနိုင်ခဲ့ပဲရှိသည်။ သူကိုင်ထားခဲ့သည့် လက်က ကြီးမားပြီး နွေးထွေးခြောက်သွေ့သည်ဟု ခံစားရကာ ရွှီလန်၏ လက်ပင် ဖြစ်ရမည်ဟု တွေးထင်မိသည်။ အဘယ်ကြောင့်ဆိုပါမူ အနှီလက်တစုံသည် သူ့ ကလေးဘဝ တလျှောက်လုံး၏ စိတ်လုံခြုံရာ အရင်းအမြစ်ဖြစ်ခဲ့သည်မို့။

အစိမ်းရောင် မီးရထားကြီးက လမ်းကြောင်းတလျှောက် ဒုတ်ဒုတ်ဒက်ဒက်မြည်ကာ ရွေ့လျားလာသည်နှင့်အမျှ ကမ္ဘာတခုလုံးသည်လည်း သဘာဝနှင့် ကင်းကွာသွားသလိုဖြစ်လာသည်။

ရထားပေါ်တွင် သူနှင့် ရွှီလန်တို့သာရှိသော်လည်း ထူးဆန်းသည်မှာ ရွှီလန်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရခြင်းပင်။

အပြင်ဘက်တွင် တောက်ပစွာ ထွန်းလင်းနေသည့် နေရောင်ခြည်သည် တခါတရံ ရှည်လျားမှောင်မိုက်သည့် ဥမင်လိုဏ်ခေါင်းကို ဖြတ်သန်းသွားချိန်တွင် အလုံးစုံ အမှောင်ကျလို့သွားကာ အိပ်မက်မက်နေရင်းမှသည် နောက်ထပ်အိပ်မက်တခုအတွင်းသို့ ရောက်ရှိသွားသည့်အလား။

ရထား ရုတ်တရက်ကြီး ရပ်သွားသည့်အချိန်တွင် ရွှီလန်က မတ်တပ်ရပ်လိုက်ပြီး သူ့ကို အပြင်ဘက်ဆီ တိတ်တဆိတ် ခေါ်ဆောင်သွားသည်။

မတိုင်မီကအတိုင်း တူညီသည့် လေဟာပြင် ပလက်ဖောင်းကို ဖြတ်ကျော်လာကာ ရောင်းသူမဲ့ သတင်းစာဆိုင်လေးကို ဖြတ်ကျော်အပြီးတွင် ရှည်လျားမှောင်မိုက်သည့် မြေအောက်လမ်းတခု၌ ရပ်တန့်သွား၏။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now