Unicode
နှစ်သစ်ကူးနေ့တွင် သူ့ဆီ ပထမဆုံး ဖုန်းခေါ်လာသူမှာ ထန်နျင်ဖြစ်သည်။
" ရှောင်ယွီ၊ ဒီနေ့ကော အလုပ်တွေ ရှုပ်နေတုန်းလား၊ နှစ်သစ်ကူးအချိန်ကြီးဟာကို ခွင့်ယူလိုက်ရင်ရော၊ အန်တီက မင်းနဲ့ မင်းအဖေကို ခေါ်ပြီး ပင်လယ်စာ အတူတူ သွားစားကြမလားလို့လေ "
ဖုရှောင်ယွီမှာ အိပ်ရာထဲတွင် ကွေးနေရာမှ လေသံ မသဲမကွဲဖြင့်
" အန်တီ၊ ကျွန်တော် ... "
ခရီးဝေးလေယာဉ် စီးခဲ့ရတာရယ်၊ ကုမ္ပဏီမှာ ကြုံတွေ့ခဲ့ရတာတွေနှင့် ပေါင်းပြီး သူ့ခေါင်းက တနေ့လုံးနီးပါး ကိုက်နေခဲ့သည်။ ညဘက် အိပ်ပျော်ရန်အတွက်ပင် အိပ်ဆေးကို သောက်ခဲ့ရပြီး အိပ်ရာမှ နိုးလာတော့လည်း တကိုယ်လုံး မအီမသာ ဖြစ်နေသည်။
ထိုအချိန်မျိုးတွင် ထန်နျင်က ညင်သာနူးညံ့သည့် အသံဖြင့် မေးလာသည့်အခါ သူသည် ခဏတာမျှ ဝေဝေဝါးဝါဖြင့် သဘောတူမိတော့မလို ဖြစ်သွားရသေးသည်။
အတော်လေး စဥ်းစားပြီးကာမှ
" ကျွန်တော် ကုမ္ပဏီညစာစားပွဲ တက်ရဦးမှာမို့ "
ထို့နောက် တဆက်တည်း ငြင်းဆိုလိုက်၏။
" အန်တီနဲ့ အဖေတို့ပဲ သွားစားလိုက်တော့နော်၊ ကျွန်တော့်လက်ထောက်ကို နေရာ ကြိုမှာခိုင်းထားပေးမယ် "
" ဟုတ်ပြီလေ၊ ဒါဆို မင်းလည်း ကောင်းကောင်းနားလိုက်ဦး "
ထန်နျင်က အတင်းအကျပ် ထပ်မတိုက်တွန်းနေတော့ဘဲ ဆက်ပြောလာသည်။
" ရှောင်ယွီ၊ မနေ့တုန်းက မင်းအဖေလုပ်တာ လွန်သွားမှန်း အန်တီ သိပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကုမ္ပဏီအထိ လိုက်လာပြီး မင်းကိုတော့ မရိုက်သင့်ဘူးလေ "
ဖုရှောင်ယွီ တိတ်တဆိတ်ပဲ နားထောင်နေလိုက်သည်။ တဖက်မှ အယ်လ်ဖာအမျိုးသမီးက ဆက်ပြောနေသည်။
" မင်းအဖေလည်း သူ့လုပ်ရပ်အပေါ် နောင်တရနေပါပြီ၊ မနေ့ညက ဖြစ်ခဲ့တာတွေ ပြန်ပြောပြနေတဲ့အချိန် အရမ်းစိတ်မကောင်းဖြစ်နေပုံပဲ၊ တကယ်တော့ သူ မင်းကို အရမ်းလွမ်းနေရှာတာ၊ မင်းလည်း သိမှာပါ၊ ဘွဲ့ရပြီးကတည်းက အိမ်ပြန်လာတဲ့အကြိမ်အရေအတွက်ကို လက်တဖက်တည်းနဲ့ ရေလို့တောင်ရတယ်၊ ဒါကြောင့်မို့ပဲ ခုလို နားလည်မှုတွေ လွဲကုန်ကြရတာ၊ သူ စိတ်မကောင်းဖြစ်ပြီး မင်းကို တောင်းပန်ဖို့ ချီတုံချတုံဖြစ်နေပေမဲ့ သူ့စိတ်က အပြေမြန်တယ်လေ၊ ရှောင်ယွီ၊ သူ့ကို အရမ်းစိတ်မဆိုးနေနဲ့တော့၊ ဘယ်ချိန်ပဲဖြစ်ဖြစ် အချိန်ရရင် မင်းအဖေကို လာတွေ့ဦးလေ၊ နော်၊ မင်းတို့ သားအမိတွေ ခုလိုဖြစ်နေတာ မြင်ရရင် အန်တီလည်း စိတ်မချမ်းသာရဘူး၊ ဟုတ်ပြီလား "
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomansaTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ