Unicode
" ဘာပဲဖြစ်ဖြစ်၊ ကျွန်တော် သူ့ကို မတွေ့ချင်ဘူး "
ဖုကျင့်က တဖန်း ကျောကို အသာပုတ်ပေးနေရင်းက မကျေမနပ်နှင့် ဆိုသည်။
" သူတို့နှစ်ယောက် တွဲတာကို ကျွန်တော် ဘယ်တုန်းကမှလည်း သဘောမတူခဲ့ဖူးဘူး၊ ဒါကို အတင်းကြီး လက်ဆောင်ဆိုပြီး လာပေးနေတယ်၊ ဘယ်သူက လိုချင်နေလို့လဲ၊ သူ့သူ ဘယ်လောက် ချမ်းသာ ချမ်းသာ၊ တခုလပ် ကလေးအဖေက တခုလပ် ကလေးအဖေပဲ၊ ဂရုကို မစိုက်တာ "
ထန်နျင်က အသာ ပြုံးလိုက်သည်။ ဖုကျင့် စကားကို ပြိုင်ငြင်းမနေဘဲ နူးညံ့သိမ်မွေ့သည့် လေသံဖြင့်
" ဟုတ်ပါတယ်၊ ဒါပေမယ့် တယောက်ယောက်က ကိုယ့်ကို လက်ဆောင်ပေးလာတယ်ဆိုတာ ကောင်းတဲ့ စိတ်စေတနာနဲ့မို့ ပေးလာတာ၊ ရှောင်ယွီလည်း ဒီကိစ္စအပေါ် သေသေချာချာ အလေးအနက် စဥ်းစားထားတယ်ဆိုတာ သိသာနေတာပဲ၊ ဟိုရက်တုန်းကတောင် သူ့ရဲ့ WeChat မှာ ပုံတင်ထားသေးတာ တွေ့လိုက်သေးတယ်၊ အဲ့လိုဆိုနေမှ ကောင်လေးဘက်ကို သိထားရင် မကောင်းတာတော့လည်း မဟုတ်ဘူးလေ "
ဖုကျင့်သည် အားတက်သရောဖြင့် နားထောင်နေရာမှ ထန်နျင် နောက်ဆုံးပြောလိုက်သည့် စကားကို ကြားသည်တွင် အလွန်အမင်း အလိုမကျသည့် အမူအရာသို့ ပြောင်းလဲသွားကာ
" တော်ပြီ၊ ဘာနေနေ သူက ကျွန်တော့်ကို အဖေလို့တောင် သတ်မှတ်တော့တာမှ မဟုတ်တာ၊ ဂရုစိုက်မနေတော့ဘူး "
ထန်နျင်က သက်ပြင်းချလိုက်ပြီး ဖုကျင့်ကို ပွေ့ဖက်ထားလိုက်ကာ ညင်သာသည့် လေသံဖြင့်
" ဘယ်လိုဖြစ်ပြီး မင်းကို အဖေလို့ အသိအမှတ် မပြုရမှာတဲ့လဲ၊ ခု သူလည်း အရွယ်ရောက်လာပြီလေ၊ စဥ်းစားတ်တဲ့ ကိုယ်ပိုင် အသိဥာဏ်ရှိပါတယ် "
ထန်နျင်မှာ စကားကို အနည်းငယ် သတိထားပြီး ပြောနေပုံရကာ ခေတ္တမျှ နားထားလိုက်ပြီးမှ လေသံဖျော့ဖျော့ဖြင့် ဆက်ပြောလာ၏။
" အားကျင့်၊ စိုးရိမ်စိတ်လေး နည်းနည်းလျှော့လိုက်နော် "
ဖုကျင့်က သူ့ အပေါ် အရမ်းမှီခိုသည်။ တခါတရံတွင်လည်း ကလေးဆိုးကြီးတယောက်လို ပြုမူတတ်ပြန်သေးသည်။ သို့သော် ဖုရှောင်ယွီကိစ္စနှင့်ပတ်သက်လာလျှင်မူ သူသည် မိထွေးဆိုသည်ထက် မပိုတော့။ ဖုရှောင်ယွီဘက်လိုက်ပြီး အရမ်းကြီး နားချပေးပြန်လျှင်လည်း သူက မိထွေးဖြစ်နေ၍ ရှောင်ယွီ၏ အိမ်ထောင်ရေးအပေါ် ငြိမ်းချမ်းရေးစကားပြောနိုင်တာဟူ၍ အထင်ခံရဦးမည်။ ဒီလိုဆိုတော့ဖြင့် သူ ဒေါသထွက်ရမည်က အသေအချာ။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ