Unicode
ကိုယ်ဝန်ဆောင်ခြင်း - ၆
အိမ်ထဲ ရောက်သည်နှင့် အခြား ဘာကိုမှ ဂရုမစိုက်နိုင်။ ရေချိုးခန်းရှိရာဆီ အပြေးသွားပြီး အိမ်သာထဲ ခေါင်းစိုက်ကာ ထိန်းမနိုင် သိမ်းမရ ထိုးအန်တော့၏။ နောက်ဆုံး အန်ထွက်စရာ ဘာမှ မရှိတော့၍ ချဥ်စူးစူး အစာခြေရည်တွေသာ ထွက်လာပြီး သူ့ လည်ချောင်းတလျှောက် ခါးသီးသည့် အရသာကို ချန်ထားရစ်ခဲ့သည်။
အချိန်အတော်ကြာပြီးနောက်မှ ဖုရှောင်ယွီ နည်းနည်း သက်သာရာရသွားသည်။ သူသည် ရေချိုးခန်းကြမ်းပြင်ပေါ် ပျော့ခွေစွာထိုင်ချလိုက်ပြီးခါမှ ရွှီကျားလဲ့က သူ့ ညာလက်ကို ခပ်တင်းတင်းလေး ဆုပ်ကိုင်ပေးထားခဲ့မှန်း သတိထားမိတော့၏။
ခေါင်း လှည့်ကြည့်လိုက်သည့်အခါ ဘေးနားတွင် အတော်ကြာအောင် ဆောင့်ကြောင့်ထိုင်နေပုံရသည့် အယ်လ်ဖာကို တွေ့လိုက်ရသည်။ ရွှီကျားလဲ့၏ အမူအရာမှာ မဖော်ပြတတ်လောက်အောင်ပင် ထူးဆန်းနေသည်။
ဖုရှောင်ယွီမှာ တခဏမျှ ဘာဖြစ်နေမှန်း မသိပါသော်ငြား ရွှီကျားလဲ့ သူ့ လက်ကို ဆုပ်ကိုင်ထားပုံက နည်းနည်းတော့ ပြင်းထန်နေမှန်း ခံစားမိသည်။
" ရွှီကျားလဲ့၊ ကျွန်တော် အဆင်ပြေပါတယ်၊ အစောပိုင်းတုန်းကလည်း ပျို့အန်ရုံလောက်ပဲ၊ အခု နေလို့ ကောင်းသွားပြီ "
သူက အခြေအနေကို ပေါ့ပေါ့ပါးပါးဖြစ်အောင် ကြိုးစားလိုက်သည်။
" ရှောင်ယွီ "
ရွှီကျားလဲ့၏ အသံမှာ အက်ရှနေပြီး
" ဒီနေ့ ဘယ်နှစ်ခါလောက် အန်ပြီးပြီလဲ "
ထိုသို့ မေးလိုက်သည့် ခဏဝယ် ဖုရှောင်ယွီသည် ထူးထူးခြားခြား ခံစားချက်တခုကို ရုတ်ခြည်းရလိုက်၏။
ရွှီကျားလဲ့၏ အမူအရာက အလွန် လေးနက်နေသည်။ ထို့ကြောင့်ပင် ခါတိုင်းရှိနေကျ ရွှတ်နောက်နောက်နှင့် နူးညံ့သိမ်မွေ့သည့် ပုံစံကို မတွေ့ရသလောက်ဖြစ်သွားစေသည်။
" ကျွန်တော် … "
ဖုရှောင်ယွီမှာ အပြစ်ရှိသလို ခံစားမိကာ အသက်ပြင်းပြင်းတချက် ရှိုက်ရှူလိုက်ရ၏။
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ
