(၁၀၀)

5.2K 640 53
                                        

Unicode


မူလက မနက်ကျလျှင် ဆံပင်သွားညှပ်မည်ဟူ၍ စဥ်းစားထားသည်။ သို့သော်လည်း ဖုရှောင်ယွီက သူ ခွင့်တောင်းထားသည်ကို မည်သည့် တုံပြန်မှုမှ မပြုလေရာ သူ နောက်ကျသွားလျှင် အိုမီဂါနှင့် လွဲသွားမှာစိုး၍ ကျူးယဗီလာဆီကိုသာ စောစောစီးစီး ထွက်လာခဲ့လိုက်၏။

ဖုရှောင်ယွီ၏ အလုပ်ချိန်မှာ ပုံမှန်ထက် နောက်ကျသွားသည်ထင့်။ သူ အတော်ကြာမျှ စောင့်ဆိုင်းပြီးသည့်တိုင်အောင် ဖုရှောင်ယွီကို မတွေ့ရသေး၍ စိုးရိမ်သွားကာ DingTalk ကနေ မက်ဆေ့ချ်ကို ပို့လိုက်မိသည်။ တနာရီကျော်ကျော် ကြာပြီးသွားသည့်အချိန်တွင်ကား အနက်ရောင် ကုတ်အင်္ကျီဝတ်ဆင်ထားပြီး ရှည်သွယ်သည့် အရပ်အမောင်းနှင့် အိုမီဂါကို တွေ့လိုက်ရသည်။

ရွှီကျားလဲ့သည် ချက်ချင်းပင် ရပ်ထားသည့် ကားကို​ ဖြည်းဖြည်းချင်း လှိမ့်မောင်းလိုက်ကာ ဖုရှောင်ယွီ၏ ဘေးတွင် ထိုးရပ်လိုက်သည်။ ဖုရှောင်ယွီမှာ သူနှင့် အကျွမ်းတဝင်ရှိသည့် Tesla ကို ကြည့်ကာ ခဏမျှ တုံ့ဆိုင်းသွားသေးသော်လည်း နောက်ဆုံးတွင် တံခါးကို ဖွင့်ကာ ဝင်ထိုင်လိုက်သည်။

" ကုမ္ပဏီကို တန်းသွားမယ် "

ကားပေါ်ရောက်သည်နှင့် ရွှီကျားလဲ့ကို နှုတ်ခွန်းဆက်စကားပင် မဆိုတော့ဘဲ အလိုရှိသည်ကို တန်းပြောလိုက်သည်။ ထို့နောက် လက်ပတ်နာရီကို တချက် ငုံ့ကြည့်လိုက်ပြီး ဆက်ပြောသည်။

" ဆယ်နာရီမှာ အစည်းအဝေးရှိသေးတယ် "

" ကောင်းပါပြီ "

ရွှီကျားလဲ့က ဘာမေးခွန်းမှ ထပ်မေးမနေတော့ဘဲ ကားကို ကုမ္ပဏီဘက်သို့သာ ဦးတည်လိုက်၏။ စိတ်ထဲတွင်မူ ဖုရှောင်ယွီ အိပ်ရာထ နောက်ကျလို့များလားဟူ၍ တွေးနေမိသည်။

သူသည် ကားမောင်းနေရင်းက နောက်ကြည့်မှန်မှတဆင့် ကားနောက်ခန်းတွင် ထိုင်နေသည့် ဖုရှောင်ယွီကို တိတ်တဆိတ် အကဲခတ်နေသည်။ ဖုရှောင်ယွီမှာ တခုခုအပေါ် စိတ်တိုင်းမကျသည့်အလား မျက်နှာထားက အနည်းငယ် တင်းသယောင်ရှိနေ၏။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now