(၈၈)

4.4K 613 73
                                    

Unicode

မနက်ပိုင်း အိမ်ပြန်ရောက်သည်နှင့် ရွှီကျားလဲ့ ရေချိုးလိုက်သည်။ ထို့နောက် ရှအန်းနှင့် ခဏတာမျှ ပွတ်သပ်ပွေ့ဖက်သွားပြီးသည့်အခါ တက္ကဆီငှားပြီး ယီရှန်းဥယျာဥ်ဆီ ထွက်လာလိုက်၏။ ရွှီလန်က အိမ်သားတွေကို နေ့လည်စာ အတူစားဖို့ ခေါ်ထားသည်။

သူ ရောက်သည့်အချိန် ကျူးယဗီလာတွင် နေထိုင်သူများဖြစ်သည့် ရွှီလန်၊ မုရုံကျင်းယ၊ ကျင်းချူနှင့် နန်ရီတို့အားလုံး သီးသန့်ခန်းအတွင်း ရောက်ရှိနေကြပြီဖြစ်သည်။ ရွှီကျားလဲ့မှာ လန်းလန်းဆန်းဆန်းမရှိ၍ အားလုံးကို ခေါင်းဆတ်ပြရုံသာ နှုတ်ဆက်လိုက်ပြီး နန်ရီကို အကြိမ်ပေါင်းများစွာ နမ်းရှုံ့လိုက်သည်။

ကလေးငယ် ဆေးရုံဆင်းလာသည်မှာ မကြာသေး။ အနားယူဖို့ လိုအပ်နေသေးသော်ငြား ပြီးခဲ့သည့် ရက်အနည်းငယ်မှ စတင်ကာ တဖြည်းဖြည်းနှင့် အခြေအနေ ကောင်းမွန်လာပြီဖြစ်သည်။

" ဒယ်ဒီ ! "

နန်ရီသည် ရှေ့သွားနှစ်ချောင်းမရှိပါသည့် ပန်းရောင်သွားဖုံးများ ပေါ်အောင် ပြုံးပြလာပြီး

" ဒီမှာကြည့်၊ ဖိုးဖိုးမုရုံ ပေးထားတဲ့ ဝတ်ဝံရုပ်လည်ဆွဲလေး "

နန်ရီက ပြောနေရင်း သူ့ လည်ဆွဲလေးအား လည်ပင်းမှ ဆွဲထုတ်ကာ ရွှီကျားလဲ့ကို ပြလာသည်။ ဆွဲကြိုးမှာ ရွှေဖြင့်ပြုလုပ်ထားသည့် ဝက်ဝံရုပ်လေးပင်။

" အိုး၊ ဖိုးဖိုးမုရုံ ပေးထားတာပေါ့ "

ရွှီကျားလဲ့က ဆွဲကြိုးကို စိတ်ဝင်တစား ကိုင်ကြည့်လိုက်ပြီး ပြုံး၍ ပြန်မေးလိုက်သည်။

ရွှေသည် မုရုံကျင်းယ၏ အကြိုက်ဖြစ်သော်လည်း ဝက်ဝံဘီစကွတ်ပုံစံလုပ်ဖို့ အသေးစိတ် အကြံထွက်လာသည်ကမူ ရွှီလန်ဆီမှသာ ဖြစ်နိုင်သည်။ တချက်မျှကြည့်လိုက်ရုံနှင့် သူ နားလည်သွားသည်။

အမှန်တကယ်တွင် ရွှီလန်နှင့် မုရုံကျင်းယကို အတူတွေ့နေရသည်ကပင် နည်းနည်း ထူးဆန်းနေပေပြီ။ ရွှီလန်တွင် ကြောင်တွေ၊ ခွေးတွေ အများကြီးမွေးထားပြီး သစ်ပင်ပန်းမန် မြိုင်မြိုင်ဆိုင်ဆိုင်နှင့် ခြံအကျယ်ကြီးရှိသည့် ကျင်းချန်မှာ နေရတာကိုသာ နှစ်သက်သည်။ သူ ခရီးထွက်မည်ဆိုပါလျှင် အနှီခွေးကြောင်တို့ကို ပြုစုဖို့ရာမှာ အတော် ဒုက္ခရောက်ရသည်မို့ တော်ရုံအရေးမကြီးလျှင် B မြို့သို့ မရောက်တော့။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now