1024

356 50 1
                                    

Chapter 1024: နှစ်တစ်ရာ အနမ်းမိုး

“သောက်ကျိုးနည်း ဘာတွေဖြစ်ကုန်တာလဲ”

ခန်းမကြီးထဲတွင် ကျားတု နားမလည်နိုင်စွာ ကျိန်ဆဲမိသည်။ သူ့ဆံပင် သူဆွဲမိသောကြောင့် လက်ထဲတွင် ဆံပင်မွှေးများပင် ကျွတ်ပါလာသည်။ ဖုဝေ့သည်လည်း ကြောက်စိတ်မပြေနိုင်သေးပါ။ သူမက ထူးဆန်းသောပုံစံဖြင့် ရေရွတ်နေမိသည်။
“ရှာစင်းယန်က သူ့ကိုကြိုက်သွားတာ ဖြစ်နိုင်ပါ့မလား”

“မဖြစ်နိုင်ဘူး”

ဘက်တီနာနှင့် ကျားတု တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

ဖုဝေ့ အံ့အားသင့်သွားပြီးနောက် အတန်ငယ်စဉ်းစားလိုက်သည်။ ပြီးမှ
“ကောလဟာလတွေအရ သူမဟာ ဘယ်ယောက်ျားအပေါ်မှာမှ မျက်နှာသာ မပေးဖူးဘူးတဲ့။ အဲ့ဒါ အမှန်ပဲလား။ သူ့ကိုမြင်တဲ့အချိန်မှာ သူမ ဘာဖြစ်လို့ ထူးထူးဆန်းဆန်းတွေ လုပ်နေရတာလဲ”

“အဲ့ဒါ သူ သိပ်စိတ်ဆိုးနေလို့ပဲပေါ့”

ဘက်တီနာက တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် တဟဲဟဲရယ်မောလိုက်သည်။ သူမက အဖြေကို ရှာတွေ့သွားဟန်ဖြင့်
“ဟုတ်တယ်…ဒီလိုပဲဖြစ်ရမယ်။ ငါ့သူငယ်ချင်းကို ငါနားလည်တယ်။ သူဟာ ဘယ်တော့မှ မလေးမစား ပြုမူမခံခဲ့ရဘူး။ကြည့်လေ အခု လျှို့ဝှက်ခန်းကို သူ အမြန်သွားချင်နေတာ…သူ…သူ အဲ့ဒီလဒလေးကို ဆုံးမချင်လို့ပဲဖြစ်ရမယ်။ ဟုတ်တယ်။ အဲ့လိုပဲဖြစ်ရမယ်။ ငါ့သူငယ်ချင်း စိတ်ဆိုးလွန်းလို့ လည်ပင်းတွေအထိ နီရဲနေတာ ငါတွေ့လိုက်တယ်။ သူ သိပ်ဒေါသထွက်နေပြီဆိုတာ ငါပြောရဲတယ်”

“ဟုတ်တာပေါ့…”
ကျားတုလည်း သူမထင်မြင်ယူဆချက်ကို သဘောတူလိုက်သည်။
“အဲ့ဒီ ခွေးကောင်က မိန်းကလေးရှာကို ထိကပါးရိကပါး လုပ်ခဲ့တာပဲ။ သူ့မျက်လုံးတွေကလဲ အရမ်းကို…အဲ…ရွံစရာကောင်းတယ်။ သူမရဲ့ အဆင့်အတန်းနဲ့ဆို ဒီကိစ္စကို လွယ်လွယ်နဲ့ ဘယ်ခွင့်လွှတ်လိမ့်မလဲ”

ကျားတုက ရှီယန်၏ ကြမ္မာဆိုးကို မြင်ယောင်ဟန်ဖြင့် ပျော်ရွှင်လာသည်။ သူ၏ အေးစက်စက်အကြည့်များက လျှို့ဝှက်ခန်းဆီရောက်သွားသည်။
“ဒီကောင်တော့ ဆုံးမခံရတော့မယ်။ အခုတောင် အခန်းထဲမှာ တိုက်ပွဲစနေလောက်ပြီ။ စောင့်ကြည့်လိုက်။ ဒီကောင် တံခါးကနေ ပြန်ထွက်လာတဲ့အခါ ဘယ်လိုမှ ကြည့်ကောင်းနေတော့မှာမဟုတ်ဘူး”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now