Chapter 1198: နောက်ကွယ်မှ တွန်းအားတစ်ခု
သဏ္ဍာန်မဲ့ကြယ်နယ်မြေ
ဂူနတ်ဘုရားကြယ်နယ်မြေ၏ ဝိညာဉ်နက်ဂူရေကန် နားတွင် ရှကျောက်သည် ရက်စက်ခက်ထန်သော မျက်နှာဖြင့် အာရုံစူးစိုက်လျက်ရှိနေသည်။ သူသည် ကျောက်ဘီးဝိုင်းကို လှည့်နေဟန်ဖြင့် လက်ဟန်များစွာ ထုတ်ဖော်နေသည်။
သူ့ရှေ့က ဝိညာဉ်နက်ဂူရေကန်တွင် မည်းနက်ပြီး စေးကပ်သည့်ရေများရှိနေပြီး သူ လှုံ့ဆော်လိုက်သည့်အချိန်တိုင်း လှိုင်းထနေကြသည်။ သာမာန်မျက်စိဖြင့်ပင် မြင်နိုင်သော များပြားလှသည့် ပိုးမွှားများ နှင့် အဆိပ်ကောင်များသည် တကျီကျီနဲ့ အချင်းချင်း ဆုတ်ဖြဲဝါးမျိုနေကြသည်။
ဝိညာဉ်နက်ဂူရေကန်သည် ဂူနတ်ဘုရားဂိုဏ်း၏ အဆိပ်သင့်ပိုးမွှားများကို လေ့ကျင့်ပေးရန် အရေးကြီးသည့် နေရာတစ်ခုဖြစ်သည်။ ထိုနေရာကို အကြီးအကဲများနှင့် ဂိုဏ်းခေါင်းဆောင်အတွက်သာ ဖွင့်ပေးထားသည်။ ဂိုဏ်း၏ တခြားတပည့်များသည် နှစ်ပေါင်းတစ်ရာပြည့်သည့်အချိန်တိုင်း ဂိုဏ်း၏ နှစ်ပတ်လည်နေ့ကို ကျင်းပသည့်အချိန်မှ ထိုနေရာသို့ တစ်ခါသွားနိုင်ကြသည်။ ထိုအချိန်သည် ဤနေရာ၏ ထူးခြားဆန်းကြယ်မှုကို ကြည့်ရှုနိုင်ရန် အခွင့်အရေးတစ်ခုဖြစ်သည်။ ပုံမှန်အချိန်၌ ထိုနေရာသည် တားမြစ်နယ်မြေဖြစ်သည်။ မည်သူတစ်ယောက်ကိုမှ ဝင်ခွင့်မပြုကြချေ။ ထိုနေရာ၌ ကျင့်ကြံဖို့ဆို ပိုဝေးနေသည်။
အရင်တုန်းက ရှကျောက်သည် ထိုအခွင့်အရေးကို မရခဲ့ပါ။
လွန်ခဲ့သည့်ဆယ်နှစ်က သူသည် ရှေးဟောင်းကုန်းမြေသို့ ဝင်နိုင်ရန် လမ်းပြသစ်သီးကို ရဖို့ အင်အားအများကြီး သုံးခဲ့သည်။ သူသည် မျိုးဆက်သစ်ထဲမှ ထူးချွန်ကျော်ကြားသည့် သိုင်းသမားတစ်ယောက်သက်သက်သာဖြစ်သည်။ သူ့တွင် အင်အားတောင့်သည့်နောက်ခံကောင်းမရှိပါ။
ဆယ်နှစ်ကြာသောအခါ သူသည် ရှေးဟောင်းကုန်းမြေမှ ရတနာအများအပြားနှင့် လွတ်မြောက်အသက်ရှင်နိုင်ခဲ့သည်။ တစ်ချိန်တည်း၌ ကျင့်ကြံခြင်းဘက်တွင် သူ့ရောက်ရှိမှု နှင့် သူ့စွမ်းအင်အသိတို့သည် မြင့်တက်သွားခဲ့သည်။ သူသည် ကနဦးနတ်ဘုရားအဆင့်နှင့် ခြေတစ်လှမ်းစာသာ ကွာဝေးတော့သည်။ သူသည် ပိုအင်အားကြီးလာခဲ့သည်။