Chapter 1177: အိပ်မက်ကမ္ဘာ
အော်ဒရေး ၊ ရှန်းယင်းယွီ ၊ မော့ဖူ နဲ့ တခြားသူများသည် သန့်ရှင်းကြည်လင်သော ကန်နား၌ ရပ်ကြပြီး နေများ ၊ လများ နဲ့ ခပ်ကျဲကျဲ ရှိနေကြသည့် ကြယ်များ လင်းလက်တောက်ပနေသည်ကို ကြည့်နေကြသည်။
ရုတ်တရက် ကန်သည် လှိုင်းထလာခဲ့သည်။ ထူးဆန်းပြီး ယုတ်ညံ့သော စွမ်းအားတစ်မျိုးမျိုးက သူ၏ ထူးခြားသောအသွင်အပြင်ကို ဖုံးကွယ်ရန် ကန်ထဲ၌ တစ်ခုခုလုပ်ဖို့ ကြိုးစားနေသည့်ဟန်ပေါ်သည်။
ကန်မျက်နှာပြင်ပေါ်က လှိုင်းများသည် ရပ်စဲသွားကြသည်။
အကုန်လုံး၏ မျက်နှာအမူအယာများသည် ကြောက်လန့်မှုများအဖြစ် ပြောင်းလဲသွားကုန်သည်။ မည်သည့် နေ၊ လ နှင့် ကြယ်မှ မရှိတော့ပါ။ ယခုအခါ ကန်ထဲ၌ တိမ်စိုင်တိမ်ခဲ ပုံရိပ်များသာ ထင်ဟပ်လာသည်။ တိကျသေချာသည်မှာ ၎င်းတိမ်စိုင်တိမ်ခဲများသည် သူတို့ခေါင်းထက်၌ လွင့်ပျံနေကြသည့် အရာများဖြစ်ကြသည်။ ကန်ထဲက ထူးဆန်းသော ပုံရိပ်ထင်ဟပ်မှုများသည်….ပျောက်ကွယ်သွားခဲ့သည်။
ရှန်းယင်းယွီ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူမ မထိန်းနိုင်ဘဲ ကြောက်ရွံ့တုန်လှုပ်စွာ အော်လိုက်သည်။
တခြားသိုင်းသမားများက သူမကို ကြည့်လိုက်ကြသည်။
ရှန်းယင်းယွီက စီစီလျာ ပြောပြခဲ့သည့်အရာများကို သူတို့အား အစအဆုံး ပြောပြလိုက်သည်။ စီစီလျာ ဆရာ၏ ယောကျာ်းက ကန်ထဲ၌ မည်သို့ပျောက်ကွယ်သွားကြောင်းကို ရှင်းပြလိုက်သည်။ ကန်သည် ပုံမှန်ပြန်ဖြစ်လာသော်လည်း သူ့ယောကျာ်းသည် တစ်သက်လုံး ပျောက်ကွယ်သွားခဲ့ရသည်။ သူ အသက်ရှင်နေသေးလား သေသွားပြီလားဆိုသည်ကို ဘယ်သူမှ မသိကြပါ။
အခု ကန်ထဲက အရာများသည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းကျော်က ဖြစ်ပျက်ခဲ့သည့်အတိုင်း ထပ်တူညီစွာ ပြောင်းလဲသွားခဲ့သည်။ စီစီလျာက သူတို့ကို ပြောပြသည့်အတိုင်း တိကျတူညီစွာ ဖြစ်သွားခဲ့သည်။
“ဘာဖြစ်နေတာလဲဆိုတာ မင်း သိလား” ဝူဖန်းက အော်ဒရေးကို ကြည့်လိုက်သည်။ “မင်းက အမှောင်အင်ပါယာမျိုးနွယ်စုကဆိုတော့ မင်းတောင် မသိဘူးဆိုရင် တခြားသူတွေမှာ သဲလွန်စတစ်ခုလေးတောင် ရှိမယ်လို့ မထင်ဘူး”