Chapter 1069: အဆိပ်ပဒေသာ အေးစိမ့်ပုလဲ
စစ်သင်္ဘော၏ ဗဟိုထိန်းချုပ်ခန်းတွင်…
အထက်မျက်နှာကျက်က ရောင်စဉ်ခုနှစ်သွယ်သော ကျောက်မျက်ရတနာမျိုးစုံ မြှုပ်နှံစီခြယ်ထားသည်။ ကျောက်မျက်တစ်ခုစီက သရဲအရိပ်အကျဉ်းထောင်၏ သက်ရှိကြယ်တစ်ခုချင်းစီကို ကိုယ်စားပြုသည်။ ကျောက်မျက် တစ်ခုနှင့်တစ်ခုကြားအကွာအဝေးသည် ကြယ်စုထဲရှိ ကြယ်များအကြား အကွာအဝေးအတိုင်း စကေးချထားခြင်းဖြစ်သည်။ ဒါက တိုက်ခိုက်ရေးအဖွဲ့အစည်းအနေဖြင့် ငွေကြေးအမြောက်အမြား အကုန်ကျခံကာ ဆေးနှင့်ကိရိယာစံအိမ်ထံ အထူးပြုလုပ်ခိုင်းထားသော ကြယ်တာရာမြေပုံပင်ဖြစ်၏။
ခမ်းနားလှပသော ကြယ်တာရာမြေပုံက ကျက်သရေရှိချောမောလှပသော အမျိုးသမီးနှစ်ယောက်၏ အထက်တွင် ချိတ်ဆွဲလျှက်ရှိသည်။
မိန်းကလေးနှစ်ယောက်က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ သူမတို့၏ မျက်၀န်းများတွင် ထူးဆန်းသော အလင်းရောင်များ ဖြာလဲ့လျှက်ရှိသည်။“နတ်ဘုရားအလင်းဂိုဏ်း သရဲအရိပ်အကျဉ်းထောင်ကို မ၀င်ရောက်ခင် ဆေးနှင့်ကိရိယာစံအိမ်ရဲ့ ဒုတိယအကြီးအကဲဆီက သတင်းရခဲ့တယ်။ အမှောင်ရိပ်ကလန် ထွက်ခွာသွားပြီဆိုတာကိုပေါ့”
ကျိယောင်က နွေးထွေးသောအပြုံးဖြင့် ပုံမှန်အတိုင်းပြောနေသည်။
“အဲ့ဒါက ဘာနဲ့တူလဲဆိုတော့ သစ်ပင်ကြီးလဲသွားတဲ့အခါ လူတိုင်းက ပုဆိန်တွေထုတ်ပြီး ၀င်ရောက်လာသလိုပေါ့။ ဘာပဲဖြစ်ဖြစ် သရဲအရိပ်အကျဉ်းထောင်မှာ စကားပြောဖို့ဆို ခွန်အားကိုသာ အသုံးချရမှာမဟုတ်လား။ ညီမလေးရှာ…နတ်ဘုရားအလင်းဂိုဏ်းရဲ့ စစ်ဆင်ရေးကို မင်းနားလည်မှာပါ။ ငါတို့ အခွင့်အရေးကို ဖမ်းဆုပ်ပြီး ခြေစုံပစ်၀င်လာတာပေါ့။ မင်းတို့ တိုက်ခိုက်ရေးအဖွဲ့အစည်းရဲ့ စစ်ဆင်ရေးနဲ့လည်း အတူတူပဲဖြစ်မှာပါ”ရှာစင်းယန် မျက်မှောင်ကြုတ်နေသည်။ ကျိယောင် မှန်နေသောကြောင့် သူမက ဘာမှ မကန့်ကွက်ပါ။
သူတို့ အထွတ်အထိပ်ရောက်ခဲ့စဉ်က တိုက်ခိုက်ရေးအဖွဲ့အစည်းသည်လည်း သရဲအရိပ်အကျဉ်းထောင်တွင် တိုက်ခိုက်နယ်ချဲ့ခဲ့သည်သာ။
သူတို့က အားနည်းသူများကို ခြိမ်းခြောက် အနိုင်ကျင့်ခဲ့ကြသည်။ တည်ကြည်ဖြောင့်မှန်သည်ဟု ပြောလို့မရသော အချက်များစွာရှိသည်။ သူတို့သည်လည်း ကိုယ်ကျင့်တရားကောင်းမွန်သူများဟု မဆိုနိုင်ပါ။