Chapter 1028: ပြန်လည်တည်ဆောက်ခဲ့သူ
နှင်တံကို တင်းတင်းဆုပ်ကိုင်ရင်း ဘက်တီနာ ကောင်းကင်ထက်သို့ မော့ကြည့်နေသည်။ သူမ မျက်လုံးများတွင် အေးစက်သော အလင်းများ ဖြာထွက်လျှက်ရှိသည်။
“ဆေးနှင့်ကိရိယာစံအိမ်မှာ အတွင်းကြိတ်တိုက်ပွဲတွေ အများကြီးရှိခဲ့တယ်။ စံအိမ်သခင် နေရာအတွက် စစ်ပွဲကြီးတစ်ချို့ကိုတောင် ဆင်နွှဲခဲ့ဖူးတယ်။ ဒါပေမဲ့ အကြီးအကဲအချင်းချင်း သတ်ဖြတ်မှု တစ်ကြိမ်မှ မဖြစ်ပွားခဲ့ဖူးဘူး။ ဒီတစ်ကြိမ်တော့ ကျားလျို ရူးသွားပြီထင်တယ်”ကျားတုနှင့် ဖုဝေ့တို့၏ မျက်နှာများ ဖျော့တော့လျှက်ရှိသည်။ လက်သီးများ ကျစ်ကျစ်ပါအောင် ဆုပ်ထားကြရင်း ဒေါသချောင်းချောင်းထွက်နေကြသည်။
ဖြစ်နိုင်လျှင် မဟာအကြီးအကဲ ကျားလျိုထံ တိုက်ရိုက် တွေ့ဆုံကာ သူသေကိုယ်သေ စိန်ခေါ်တိုက်ခိုက်လိုက်ချင်သည်။“အမှောင်ရိပ်ကလန် နှစ်ပေါင်းထောင်ချီအောင် တူးဖောက်နေတဲ့ ဟင်းလင်းပြင်ဥမင်က ပြီးစီးလုနီးပြီ။ မကြာခင် နတ်ဘုရားကလန် ရောက်လာလိမ့်မယ်။ သူ့ရဲ့ တပ်မဟာကြီးကို မစေလွှတ်ခင် အာဂါတေးကြယ်နယ်မြေကို ကသောင်းကနင်းဖြစ်အောင် အရင်လုပ်လိမ့်မယ်။ ဒါဟာ ခင်ဗျားတို့ မဟာအကြီးအကဲ တာ၀န်ယူထားတဲ့ အပိုင်းပဲ။ ဘာပဲဖြစ်ဖြစ် သူအလျှင်လိုနေပြီ။ နတ်ဘုရားကလန်ရဲ့ ခွင့်ပြုချက်ရတာနဲ့ သူဟာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ခွန်အားတွေ ပိုင်ဆိုင်လာဖို့ရှိတယ်။ ပထမဆုံးတိုက်ပွဲကို သူ ရက်ရက်စက်စက် စတင်ဖို့ ဆုံးဖြတ်လိုက်ပုံပဲ”
ရှီယန် မျက်မှောင်ကြုတ်ရင်း ပြောသည်။ သူ့အသံက တည်ငြိမ်ကာ အေးဆေးပြီး အမှန်တရားကို ဖော်ထုတ်နေမှန်း သိသာစေသည်။ဘက်တီနာ၊ ကျားတုနှင့် ဖုဝေ့တို့ တုန်လှုပ်ခြောက်ခြားကုန်ကြသည်။ သူတို့က ရှီယန်ကိုကြည့်နေကြသော်လည်း ဘာမှမပြောနိုင်ကြပါ။
အတန်ကြာမှ ဘက်တီနာက တီးတိုးရေရွတ်သည်။
“မင်း အမှန်အတိုင်း ပြောခဲ့တာပဲ”ပထမတစ်ခေါက်တုန်းက သူမ ရှီယန်ကို ရွံမုန်းနေခဲ့သည်။ ရှီယန်ပြောသမျှကို မယုံကြည်။ အရေးမလုပ်ခဲ့ချေ။ ရှီယန်သည် ရှာစင်းယန်၏ အာရုံစိုက်မှုကို ခံလိုသောကြောင့် လုပ်ကြံပြောနေသည်ဟု ထင်ခဲ့မိသည်။