Chapter 1051: စကားများတဲ့မိန်းကလေး
စပေါ့ သေသွားခဲ့သည်။ သူ့ဝိဥာဉ်သည် အပိုင်းပိုင်းဖြတ်ခုတ်ခံရသည်။ ဤကမ္ဘာပေါ်ရှိ သူ့တည်ရှိမှု အရိပ်အယောင်သည် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။
မိန်းကလေးသည် ကြောက်သွားသည်။ ထုံကျင်စွာဖြင့် ရှီယန်ကို ကြည့်နေရင်း သူမ နှလုံးသားထဲတွင် အကြောက်တရားများ ထွက်ပေါ်လာသည်။
ရှီယန်သည် ကျင့်ကြံခြင်း တစ်ဆင့်နိမ့်သော်လည်း သူသည် ဗြုန်းခနဲ ပေါက်ကွဲထွက်လာပြီး စပေါ့ကို မျက်တောင်တစ်မှိတ်အတွင်း သတ်ခဲ့သည်။
ယခုအချိန်မှ စပေါ့မမှားဘူးဟု သူမ တွေးလိုက်မိသည်။ ရှီယန်သည် တကယ်ကို ရက်စက်ကြမ်းကြုတ်၍ အကြင်နာမဲ့သော လူမျိုးဖြစ်သည်။ သူသည် သူမ ထင်ထားခဲ့သလိုမျိုး ငတုံးမဟုတ်ခဲ့ပါ။တကယ်တမ်း သူသည် ဆိုးသွမ်းသော လူသတ်သမားတစ်ယောက်ဖြစ်သည်။ မိန်းကလေး အလွန်နောင်တရသွား၏။ သူနဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမည်ကို မသိသဖြင့် ကြောက်ဒူးတုန်နေသည်။
သူမ အလွန်ကြောက်နေစဉ်တွင်စပေါ့၏ ဝိဥာဉ်အကြွင်းအကျန်မှ နီလဲ့လဲ့လိမ္မော်ရောင်မီးလျှံ ပျံထွက်လာခဲ့သည်။ ထိုမီးလျှံသည် လက်ဖဝါးတစ်ခုစာ အရွယ်အစားရှိပြီး အဆက်မပြတ် လှုပ်ခတ်နေသည်။ ၎င်းတွင် ရှင်ခြင်းစွမ်းအင်အတက်အကျရှိ၏။
ရှီယန် အံ့သြသွားသည်။ ထိုမီးလျှံသေးသေးလေးကို အံ့အားသင့်စွာ ကြည့်နေလိုက်၏။
ထိုမီးလျှံတွင်လည်း စပေါ့၏ ဝိဥာဉ်နဲ့ ပေါင်းစည်းထားသော မူလစွမ်းအင်၏ အမျှင်တန်းရှိကြောင်းကို သူ သိသည်။ စပေါ့အသတ်ခံရပြီးနောက် ၎င်းသည် သူ့ထိန်းချုပ်မှုမှ လွတ်မြောက်သွားသည်။ ယခုအခါ ၎င်းသည် အသိဥာဏ်ပါပြီး လွတ်လပ်သော မီးလျှံတစ်ခုဖြစ်သွားသည်။ သူ စုပ်ယူလို့ပင်ရ၏။
သို့သော် ရှီယန်သည် အလျှင်စလိုမလှုပ်ရှားခဲ့ပါ။ ထူးခြားသော နီလဲ့လဲ့လိမ္မော်ရောင်မီးလျှံသည် ရှီယန်ကို အလွန်ကြောက်နေသည့်ပမာ ခဏတာ ခုန်ဆွခုန်ဆွ လုပ်နေ၏။ ထိုသို့ လုပ်ပြီး မကြာမီ၌ပင် ၎င်းမီးလျှံသည် ပျံထွက်သွားပြီး မိန်းကလေး၏ ဝိဥာဉ်ထဲသို့ ဝင်လိုက်သည်။