Chapter 1103: အကွက်ရွှေ့ခြင်း
ရှန်းယင်းယွီ ရှီယန်၏စိတ်ကို မှန်းဆလို့မရပါ။ ရှီယန်ကဲ့သို့လည်း ပတ်၀န်းကျင်ကို အာရုံခံနိုင်စွမ်းမရှိသောကြောင့် ဒီအတိုင်း တိတ်တဆိတ်စောင့်နေရုံသာရှိတော့သည်။
ရှီယန်ထွက်သွားတာ တစ်နာရီလောက်ကြာပြီဖြစ်သည်။
သူ အန္တရာယ်တစ်စုံတစ်ခု ကျရောက်သွားမှာကို သူမ စိတ်မပူပါ။ ရှီယန်သည် ဤရှေးဟောင်းကုန်းမြေတိုက်ကြီးတွင် ပတ်၀န်းကျင်ကို အာရုံခံနိုင်သည့် တစ်ဦးတည်းသော သိုင်းသမားဖြစ်နိုင်သည်။ အခြားသူများကို သူ ရန်သွားမစပဲ သူ့ကိုသိရှိနိုင်လိမ့်မည်မဟုတ်ပါ။ရှီယန်ကလည်း အထိန်းအကွပ်မဲ့လုပ်တတ်သူမဟုတ်ဟုသူမထင်ပါသည်။
သူမ တွေးမိနေတာတစ်ခုတည်းက ရှီယန်စိတ်ပြောင်းသွားပြီဟုဖြစ်သည်။ ပိုင်ဟောက်တို့အုပ်စုကို မနိုင်နိုင်သဖြင့် သူမကို အကြောင်းပြပြီး လစ်ထွက်သွားပြီဟူ၍သာ။ အဘယ်ကြောင့်ဆိုသော သက်တန့်မိစ္ဆာပန်းပွင့်သည် ရှီယန်အတွက် မည်မျှအရေးကြီးကြောင်း သူမ မသိသောကြောင့်ပင်။ရှန်းယင်းယွီ တွေးလေလေ ထိုသို့ဖြစ်နိုင်သည်ဟု ထင်လေလေဖြစ်သည်။ သူမ၏ မျက်နှာက တဖြည်းဖြည်းအေးစက်ခက်ထန်လာသည်။ သူမ အံတင်းတင်းကြိတ်ကာ စိတ်ထဲမှ ကျိန်စာတိုက်နေတော့သည်။
ပိုင်မိသားစုနှင့် သူမတို့အင်အားစုသည် မီးနှင့်ရေလိုပင်။ နှစ်ပေါင်းရာချီတိုက်ပွဲများပြီးနောက် သူမ၏ အဖိုးသည် ပိုင်မိသားစုနှင့် နတ်ဘုရားကလန်၏ စီးနင်းမှုတစ်ခုတွင် သတ်ဖြတ်ခံခဲ့ရသည်။ ပိုင်မိသားစုကို သတိထားရန်နှင့် အခွင့်အရေးရလျှင် မိုးမြေအဆုံးတိုက်ခိုက်ရန် သူမအမေက မှာထားခဲ့သည်။
သူမအဖိုး၏ ကြင်နာမှုများကို သူမ ယခုတိုင်အမှတ်ရနေဆဲဖြစ်သည်။ တာ၀န်မှ အိမ်ပြန်လာလျှင် သူမအတွက် လက်ဆောင်လှလှလေးများ အမြဲပါလာသည်။ သူမ ငယ်ငယ်လေးတုန်းက သူ့အဖိုးက ချီပိုးကာ တိမ်တွေကြားထဲ ပျံသန်းဆော့ကစားပေးခဲ့တာတွေကို သူမ ဘယ်တော့မှ မမေ့နိုင်ပါ။
အဖိုးအသတ်ခံရသည့်နေ့တုန်းက သူမ ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည်။ ရက်ပေါင်းများစွာ အငိုမတိတ်နိုင်ပဲ မျက်ရည်များခမ်းခြောက်သည်အထိ ငိုကြွေးခဲ့သည်။ ထိုစဉ်က သူမ၏ စွမ်းအင်အဆင့်က မနက်ရှိုင်းသေးပါ။ သူမက နတ်ဘုရင်အဆင့် မိန်းမငယ်လေးသာဖြစ်သည်။ သူမအဖိုးအတွက် လက်စားချေရန် အစွမ်းအစမရှိခဲ့ပါ။ သို့သော် ယနေ့တွင် သူမက အတွေ့အကြုံမရှိသော မိန်းမငယ်လေးတစ်ယောက်မဟုတ်တော့ပါ။ ပိုင်မိသားစုကို အစွမ်းကုန်ချေမှုန်းရန် သန္တိဌာန်ချထားပြီးပြီဖြစ်သည်။