Chapter 1055: ပင်လယ်ကိုသန့်စင်ခြင်း
ရှီယန်သည် ယွီရှန် နဲ့ ရွှမ်ဖေးတို့ကို ရေခဲတမျှ အေးစက်သော ပင်လယ်ဆီသို့ ဦးဆောင်ခေါ်သွားလိုက်သည်။ အဆိပ်ငွေ့များ မှိုင်းတိုက်နေသော ပင်လယ်ပေါ်တွင် သူတို့ ရပ်တန့်လိုက်ကြသည်။
ရှီယန်သည် လပေါင်းအများကြီးကြာပြီးမှ ဤနေရာသို့ ပြန်လာခဲ့သည်။ ဤတစ်ခါ သူ့ခံစားချက်သည် အများကြီးကွဲပြား၏။ ပထမအကြိမ် ဤနေရာသို့ သူ လာတုန်းက သူ့လက်များ ချည်တုတ်ခံခဲ့ရသည်။ ဤပင်လယ်ကြီးကို ရင်ဆိုင်ရန် သူ့တွင် နည်းလမ်းမရှိခဲ့ပါ။ သူ့ဝိဉာဉ်အသိသည် ပင်လယ်ကို မကျော်လွန်နိုင်ခဲ့ဘဲ အေးစိမ့်စိမ့်ပင်လယ်အောက်တွင် ပုန်းနေသော ဝိညာဉ်ခွဲသလင်းငါး ကို သူ အလွန်ကြောက်ခဲ့သည်။
သို့သော် ယနေ့တွင်မူ ကွဲပြားသည်။ မူလစွမ်းအင်မီးလျှံရှိသည့် ကနဦးနတ်ဘုရား ဒုတိယအဆင့်ရောက် သိုင်းပညာရှင်ကို သူ ခေါ်လာခဲ့သောကြောင့်ဖြစ်သည်။ ဤတစ်ခါတွင်မူ သူ ပို၍ သေချာသွားသည်။
ယွီရှန်သည် ပင်လယ်အထက်တွင် ပျံသန်းရင်း သူမ မျက်ခုံးများ ကြုတ်နေ၏။ သူမ ခဏတာ အာရုံခံကြည့်ပြီးမှ ပြုံးလိုက်၍ “မင်း ပြောတာ မှန်တယ်။ အဲ့ဒါက ဝိညာဉ်ခွဲသလင်းငါး ပဲ။ လောကအနှံ့ ကျော်ကြားတဲ့ ဒီဒဏ္ဍာရီလာသက်ရှိကို ငါ့ဘဝမှာ တစ်ခါ တွေ့နိုင်လိမ့်မယ်ဆိုတာ ငါ မယုံကြည်နိုင်သေးဘူး”
“အကြီးအကဲ ကျေးဇူးပြုပြီး လှုပ်ရှားလိုက်ပါတော့” ရှီယန်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
“အသေအချာပဲပေါ့။ ဒီ သက်ရှိအတွက်ပဲ ငါ နယ်နိမိတ်ဖြတ်ကျော်လာခဲ့တာလေ။ ငါ လက်လွှတ်မှာ မဟုတ်ဘူး။” ယွီရှန်က နူးညံ့ညင်သာစွာ ပြုံးလိုက်သည်။ သို့သော် ချက်ချင်းမလှုပ်ရှားဘဲ သူ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်ပြီး “ဘာပဲဖြစ်ဖြစ် ငါတို့ အရင်ရှင်းလင်းအောင် လုပ်သင့်တယ်။ တကယ်လို့ ငါ ဝိညာဉ်ခွဲသလင်းငါး ကို သန့်စင်ပြီးရင် အဲ့ကနေ ရလာတဲ့ အရာအားလုံးကို ငါ ယူသွားမှာ။ ကန့်ကွက်ချင်တာ တစ်ခုခု ရှိလား”
“မရှိဘူး” ရှီယန်သည် အလွန်လေးနက်ပုံပေါ်၏။
“အဲ့အောက်မှာ ရှိတဲ့ လူတွေကရော ဘယ်လိုလဲ” ယွီရှန် ထပ်ပြုံးလိုက်သည်။