Chapter 1146: ယုံကြည်မှု
တခြားပိုင်နက်သို့ ဦးတည်သွားသည့် ရေနွေးငွေ့မြူများကြား ဝိညာဉ်အသိဖြင့် အာရုံခံကြည့်ခြင်းမဟုတ်သည့်တိုင် တစ်ခုခုမှားယွင်းနေသည်ကို ရှီယန်ခံစားမိနေဆဲဖြစ်သည်။
ထို့ကြောင့် သူမျက်စိမှေး၍ ဂရုတစိုက် အာရုံခံလိုက်သည်။ ဝိုးတဝါးသိပ်သည်းနေသော ရေနွေ့ငွေ့မြူများ ဆိုင်းနေသည့်နေရာကို ဖြတ်သန်းလာသည့် တုန်ခါမှုသည် သူ့သွေးကြောဆုံမှတ်များကို လှုံ့ဆော်ဖို့ ကြိုးစားနေကြောင်း သူ တွေ့ရှိသွားသည်။
သူ့သွေးကြောဆုံမှတ်ထဲက မကောင်းသည့် စွမ်းအားများသည် စတင်လည်ပတ်ပြီး ဂနာမငြိမ်ဖြစ်လာကြသည်။ သူတို့သည် သူ့ခန္ဓာကိုယ်မှ ခုန်ထွက်ပြီး သူ့ထိန်းချုပ်မှုမှ လွတ်မြောက်သွားချင်ကြသည့်ဟန် ပေါ်နေသည်။ ထိုခံစားချက်က သူ့ကို အများကြီးစိတ်အနှောင့်အယှက်ဖြစ်သွားစေသည်။ ထိုအလွှာနောက်၌ အန္တရာယ်ရှိသည့်အရာတစ်ခုခု ရှိနေကြောင်း အလိုအလျောက် သူ ခံစားမိလိုက်သည်။
ကျန်းယွင် ၊ စီစီလျာ နဲ့ ရှန်းယင်းယွီ တို့သည် သူ့စကားကို ကြားကြသောအခါ အံ့အားသင့်သွားကြသည်။ နောက်လှည့်၍ သူ့ကို ကြည့်လိုက်ကြသည်။ သူတို့မျက်လုံးများက မေးမြန်းနေသည်။
မော့ဖူ နှင့် ဝူဖန်းတို့သည်လည်း ရှီယန်က ဤနေရာရှိ မြေကြီးနဲ့ကောင်းကင်စွမ်းအား အဖြစ်အပျက်များကို မြင်နိုင်မှန်း သိကြသဖြင့် မဆင်မခြင် မလှုပ်ရှားရဲကြပါ။ သူတို့ မျက်မှောင်ကြုတ်ပြီး သူ့ထံမှ အသေးစိတ်ပြောပြမှာကို မျှော်လင့်ချက်နှင့် သူ့ကို ကြည့်လိုက်ကြသည်။
“ဘာဖြစ်တာလဲ” အော်ဒရေးသည် သိသာထင်ရှားစွာ မျက်မှောင်ကြုတ်လိုက်ပြီး သူမ မျက်လုံးထဲ၌ ကဲ့ရဲ့လှောင်ပြောင်သည့် အရိပ်အရောင်များ လက်သွားသည်။ “ငါ့ဝိဉာဉ်အသိက ဒီနေရာမှာ ကန့်သတ်မခံရဘူး။ ငါ အဲ့ဒီနေရာကို စစ်ဆေးဖို့ ဝိညာဉ်အသိကို စေလွှတ်လို့ရတယ်။ ရေနွေးငွေ့မြူတွေနောက်ကွယ်က အခြေအနေကို ငါ မြင်နိုင်တယ်။ ကျန်းယွင်ကို အလွှာကို ချိုးဖြတ်ဖို့ ပြောတဲ့အချိန် ငါ စစ်ဆေးခဲ့ပြီးပြီ။ ဘာမှထူးဆန်းတာ မရှိပါဘူး”