Chapter 1068: မိန်းမနှစ်ယောက်
သရဲအရိပ်အကျဉ်းထောင်၌ တိုက်ခိုက်ရေးကြယ် ဟု ခေါ်သော အဆင့်၆ အပြာရောင်သက်ရှိကြယ်တစ်ခုရှိ၏။ ၎င်းသည် တိုက်ခိုက်ရေးအဖွဲ့အစည်း၏ အခြေစိုက်နေရာဖြစ်သည်။
မြင့်မြတ်ထူးကဲသော တိုက်ခိုက်နတ်ဘုရား ဘုရားကျောင်း၏ အလယ်၌ ဖုန်းဟန်သည် အေးစက်တောင့်တင်းသော မျက်နှာထားနဲ့ မတ်တပ်ရပ်ပြီး သူ့လက်အောက်ရှိ သိုင်းသမားဆယ်ယောက်ကျော်ကို မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။ ဤအုပ်စု၌ အဆင့်နိမ့်ဆုံးသိုင်းသမားသည် လွတ်မြောက်နတ်ဘုရား ဒုတိယအဆင့်ရောက်သူ ဖြစ်သည်။ ကနဦးနတ်ဘုရား ပထမအဆင့်ရောက် သိုင်းပညာရှင်နှစ်ယောက်လည်း ရှိ၏။ သူတို့သည် တိုက်ခိုက်ရေးအဖွဲ့အစည်း၏ ဗဟိုမဏ္ဍိုင်များ ဖြစ်ကြသည်။
သရဲအရိပ်အကျဉ်းထောင်သို့ ဖုန်းဟန် ရောက်မလာခင်က ထိုသိုင်းသမားများသည် သရဲအရိပ်အကျဉ်းထောင်ရှိ နယ်မြေအနှံ့အပြား၏ အရှင်သခင်တွေ ဖြစ်ဖူးခဲ့ကြသည်။ ဖုန်းဟန်သည် သူ၏ လွှမ်းမိုးနိုင်သော အစွမ်းအစကို စတင်ပြသသောအခါ သူတို့သည် သူ့ကို မှီခိုသော သူ့မဟာမိတ်များဖြစ်လာကြသည်။ နောက်ဆုံး၌ သူတို့သည် သရဲအရိပ်အကျဉ်းထောင်၏ အင်အားအကြီးဆုံးအဖွဲ့အစည်းဖြစ်သော တိုက်ခိုက်ရေးအဖွဲ့အစည်းကို တည်ထောင်လိုက်ကြသည်။
တိုက်ခိုက်ရေးအဖွဲ့အစည်း၏ စီမံအုပ်ချုပ်သူအုပ်စုထဲမှ သိုင်းသမားဆယ်ယောက်သည် စိတ်နှလုံး မသာယာစွာဖြင့် မျက်နှာညိုနေကြသည်။ သူတို့၏ မျက်လုံးများသည် နာကျင်မှုများနဲ့ အေးစက်စွာ ဝင်းလက်နေသည်။
"ငါတို့နဲ့ နတ်ဘုရားအလင်းဂိုဏ်းတို့က မြစ်ထဲကရေ နဲ့ ရေတွင်းထဲက ရေတွေလိုပဲ။ နတ်ဘုရားအလင်းဂိုဏ်းက သရဲအရိပ်အကျဉ်းထောင်မှာ ဘယ်တုန်းကမှ အလုပ်လာမလုပ်ဖူးကြဘူး။ အခုမှ သူတို့က ဒီနေရာကို မြန်မြန်ဆန်ဆန်လာပြီး အမှောင်ရိပ်ကလန်ရဲ့ ပိုင်နက်တွေကို အပိုင်ယူနေကြတယ်။ သူတို့တွေ တကယ်ဂုဏ်သိက္ခာမဲ့ကြတာပဲ။ ငါတို့ကို သူတို့မျက်လုံးထဲ မထည့်ကြဘူးပဲ" သူ့ခေါင်းပေါ်တွင် ဖြတ်ရာအမာရွတ်ကြီးရှိနေသော သိုင်းသမား ချီကျိက မချိတင်ကဲ ရေရွတ်သည်။