Chapter 1070: ကြိုတင်ထောင်ချောက်
မျက်လုံးဖွင့်လိုက်သည်နှင့် ကြည်လင်ချောမွေ့သောမျက်နှာလေး သူ့မြင်ကွင်းထဲတွင်ပေါ်လာသည်။ ရှီယန် တွန့်သွားပြီး ဖြစ်ညှစ်ကာပြုံးပြလိုက်သည်။
“ဟေး…နင်အောက်မှာ ဘာလာလုပ်နေတာလဲ”ရှာစင်းယန်က စိတ်ကြည်နေဟန်ရသည်။ ပန်းပွင့်များလို အလွှာအထပ်များနှင့် မိုးပြာရောင်၀တ်စုံက သူမ၏ စွဲမက်ဖွယ်ခန္ဓာကိုယ်ကောက်ကြောင်းများကို ဖော်ပြနေသည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် မပွင့်တပွင့်အပြုံးလေး တွဲခိုနေသည်။
“ခရမ်းရောင်စစ်သင်္ဘောက မိန်းကလေးတစ်ယောက် ငါ့ဆီလာပြီး စကားပြောသွားတယ်”ရှီယန်၏ သူငယ်အိမ်များကျဉ်းမြောင်းသွားသည်။ သူက တည်တည်ငြိမ်ငြိမ်ဟန်ပန်ဖြင့်ပင် မေးခွန်းထုတ်လိုက်သည်။
“နင်တို့ ဘာတွေပြောကြတာလဲ”“ဘာရယ်မဟုတ်ပါဘူး…ဒီလိုပဲ မိန်းကလေးချင်းစကားစမြည်ပေါ့။ အဲ့ဒီမိန်းကလေးက တကယ်လှတယ်။ ငါတောင် ရင်ခုန်သံမြန်လာသလိုခံစားရတယ်။ ဘယ်ယောက်ျားကမှ သူ့အလှကို တောင့်ခံနိုင်မယ်မထင်ဘူး။ နင်ရော အဲ့လိုထင်လား”
ရှာစင်းယန်၏ မျက်လုံးများက တောက်ပစွာဖြင့် ရှီယန်ကိုစိုက်ကြည့်နေသည်။ရှီယန်၏မျက်နှာက ခပ်တည်တည်ပင်ရှိနေပြီး ဘာမှတ်ချက်မှမပြုပါ။
သိသာစွာပင် ရှာစင်းယန်က သူ့အပေါ် အလွယ်တကူ အလျှော့ပေးရန်ဆန္ဒမရှိပါ။ သူမက နှုတ်ခမ်းများကို စေ့ကာပြုံးလိုက်ရင်း
“နင်ဘယ်လိုထင်လဲ လို့”“ဪ…လှပါတယ်…တကယ်လှပါတယ်”
“နင် စိတ်မလှုပ်ရှားဘူးလား”
“ဟင့်အင်း”
“ဘာဖြစ်လို့လဲ”
“ငါ့ဆီမှာ နင်ရှိနေပြီးသားမို့လို့ပေါ့”
“နင်က မိန်းမလှလေးတွေ ဝိုင်းဝိုင်းလည်ပြီး နေရတဲ့ဘ၀ကိုသဘောကျတယ်မဟုတ်လား”
“အဟွတ်…ဟွတ်…မဟုတ်တာ”
“တကယ်လား…လုံး၀သဘောမကျဘူးလား”
“ဘယ်ကလာ…ငါ အဲ့လိုဘ၀မျိုး ဘယ်တုန်းကမှ မလိုချင်ခဲ့ပါဘူး”