Chapter 1139: အရှိန်တန့်သွားခြင်း
ရှေးဟောင်းကုန်းမြေ၌
နွံပြင်ပိုင်နက် နှင့် တောနက်ပိုင်နက်တို့သည် အလွှာတစ်ခုစာသာ ခြားသည်။ ထိုအလွှာက ဟိုင်တို့အဖွဲ့ နှင့် အော်ဒရေးတို့အဖွဲ့ကို ခွဲခြားသွားသည်။
အဆိပ်သင့်မြုခိုးငွေ့များနှင့် အလွှာက သူတို့ကို စည်းခြားထားသည်။ ဘယ်အဖွဲ့ကမှ မဆင်မခြင် မလှုပ်ရှားရဲကြပါ။ အော်ဒရေး၏ သိုင်းသမားများသည် အစီအရင်များကို တပ်ဆင်ရင်း အလုပ်ရှုပ်နေကြပြီး သူတို့၏ စွမ်းအားများကိုလည်း စုဆောင်းထားကြသည်။ သူတို့သည် အလွှာပတ်ပတ်လည်တွင် ခပ်ကျဲကျဲ ရပ်ကြပြီး ဟိုင်ကို အသင့်စောင့်နေကြသည်။
“အဲ့ဒီကောင်က သေခြင်းမဲ့မိစ္ဆာကလန်ရဲ့ အသက်ရှင်ကျန်ရစ်နေသူပေါ့” ဖိလစ်က ပြောလိုက်သည်။ သူ့မျက်နှာအမူအယာ ပြောင်းလဲသွားပြီး “သူ ဒီလောက်အတင့်ရဲတာ အံ့သြစရာမရှိတော့ပါဘူး”
ပထမဆုံး ရှီယန်သည် သူ့ကို ဖမ်းချုပ်ပြီး သက်တန့်မိစ္ဆာပန်းနှင့် လဲလှယ်ရန် အသုံးချခဲ့သည်။ သူသည် သူ့ခန္ဓာကိုယ် နဲ့ သူ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်။ ထို့နောက် ဟိုကောင်စုတ်သည် မီအာကို အလစ်တိုက်ခိုက်ပြီး သူမ ထံမှ အခွင့်အရေး ယူသွားခဲ့သည်။ ဖိလစ်သည် ၎င်းအဖြစ်အပျက်များကို နားမလည်နိုင်ခဲ့ပါ။ ယခု မီအာ စကားကို ကြားရသောအခါ အကြောင်းရင်းကို သူ သိသွားတော့သည်။
ဟိုင်သည် ရှီယန် ဘယ်သူဖြစ်ကြောင်းကို သိပြီးနောက် သူ သတိထားလာခဲ့သည်။ အလွှာကို ချိုးဖြတ်ရန် အလျှင်မလိုဘဲ ဝိဉာဉ်အသိကိုသာ အရင်ထုတ်လွှတ်လိုက်သည်။
ဟိုင်သည် ရှေးဟောင်းနတ်ဘုရားကုန်းမြေ၏ မူလစွမ်းအင်နှင့် ပေါင်းစပ်ထားခဲ့သည်။ သူ့ဝိဉာဉ်အသိသည် အလွန်ထက်မြတ်သည်။ သူတို့သည် မတူညီသည့် ပိုင်နက်၌ ရှိနေကြသော်လည်း သူ အာရုံစိုက်သည့်အခါ တောနက်ပိုင်နက်က အဖြစ်အပျက်များကို သူ အာရုံခံနိုင်ဆဲဖြစ်သည်။ သို့သော် မကြည်လင်မပြတ်သားသည်မှာ အသေအချာပင်။
သူ့ဝိဉာဉ်အသိသည် အဆိပ်သင့်မြူခိုးအလွှာလိုက်ကြား၌ တိုးဝှေ့ဖြတ်သန်းသွားသည်။ မြူခိုးမျှင်တစ်ခုပမာ ၎င်းသည် အလွှာထဲသို့ တဖြည်းဖြည်းနဲ့ ညင်သာစွာ ဝင်သွားပြီး တဖက်က အဆိပ်သင့်မြူခိုးအလွှာကြီးပေါ်၌ ဆင်းသက်သွားသည်။